မြဝတီမြို့အနီး တိုက်ပွဲများ ပြင်းထန်နေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်လာ၍ စစ်ကောင်စီလက်အောက်ခံများ ယူနီဖောင်းချွတ်၍ ဒေသခံအသွင်ယူနေရ

Author လင်းနွေဦး၊ ဝက်ဝံနက်
Categories
Published on Apr 10, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ မြဝတီမြို့အနီး တိုက်ပွဲများ ယနေ့နေ့လယ်ပိုင်းအထိ ဆက်လက်ပြင်းထန်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၉ ရက်နေ့ နေ့လယ်ပိုင်းမှစတင်၍ နောက်ဆုံးကျန်ရှိသည့် မြို့စောင့်တပ် ခလရ ၂၇၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေရာ ညလုံးပေါက်တိုက်ပွဲပြင်းထန်နေသကဲ့သို့ ယနေ့ ဧပြီ ၁၀ ရက်နေ့တွင်လည်း ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

 

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မြဝတီမြို့နှင့်အနီးတဝိုက်သို့ စိမ့်ဝင်ထိုးဖောက်နေရာယူမှုများရှိနေသဖြင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အရာရှိများ၊ ရဲနှင့် စစ်သားများအနေဖြင့် စိုးရိမ်ထိတ်လန့်ကာ ယူနီဖောင်းချွတ်၍ ဒေသခံအသွင် အရပ်ဝတ်ဖြင့် ပြောင်းလဲနေထိုင်နေရကြောင်း မြဝတီဒေသခံများက CJ Platform သို့ပြောသည်။

 

“အခု ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဂိတ်မှာဆိုလည်း ဌာနဆိုင်ရာက အကြီးပိုင်းတွေအပါအဝင် ရဲနဲ့ စစ်သားတွေအကုန် ယူနီဖောင်းတွေ မဝတ်တော့ဘူး။ မနေ့က ဌာနဆိုင်ရာရုံးတစ်ခုနားမှာ သစ်ကိုင်းကျိုးကျလို့ အုန်းခနဲ အသံကြီးထွက်လာတာကို သူတို့တွေထွက်ကြည့်တာ။ အကုန်ကြောက်နေကြတာလေ။ အစကတော့ သာမန်အဝတ်အစားတွေနဲ့ဆိုတော့ ဒီတိုင်းပုံမှန်လူတွေပဲထင်တာ။ ဒါပေမဲ့ တချို့ဆို ခါးမှာ ပစ္စတိုတွေထိုးထားတာ တွေ့တော့မှ သတိထားမိတာ” ဟု မြဝတီဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

ထိုဌာနဆိုင်ရာ အရာရှိများနှင့် ဝန်ထမ်းများသည် စပို့ရှပ်(Sport Shirt)အင်္ကျီဆင်တူများကို အဝါရောင်၊ အနီရောင် သဖြင့် ဝတ်ဆင်ထားကြသကဲ့သို့ ရဲနှင့် စစ်သားများသည်လည်း ယူနီဖောင်းများ မဝတ်ဆင်တော့ဘဲ အင်္ကျီအဖြူ လက်ရှည်၊ ပုဆိုးများဖြင့်လည်းကောင်း၊ စွပ်ကျယ်နှင့် ဘောင်းဘီတိုများ ဝတ်ဆင်၍လည်းကောင်း ၎င်းတို့၏ အသွင်သဏ္ဍာန်များကို ဖျောက်ဖျက်၍ နေထိုင်နေရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

 

လက်ရှိ မြဝတီမြို့အနီးတစ်ဝိုက်တွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား စစ်ရေးပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ-၂၇၅ ကို သိမ်းပိုက်ရရှိပါက မြဝတီမြို့ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

 

“ကျွန်တော်တို့လူနေရပ်ကွက်တွေထဲကို ညက ရပ်ကွက်လူကြီးတွေလိုက်ပြောတာ။ တိုက်ပွဲတွေဖြစ်လာနိုင်လို့ အပြီးပြောင်းခိုင်းတယ်။ ညတုန်းကလည်း အသံတွေကြားနေရတာလေ။ တိုက်ပွဲတော်တော် ပြင်းထန်တယ်ပြောရမယ်။ အခုတော့ အာရှလမ်းမကြီးအပါအဝင် အားလုံးပုံမှန်အတိုင်းပဲ သွားလာနေကြတယ်” ဟု အသက် ၃၇ နှစ်အရွယ် မြဝတီဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

လက်ရှိမြဝတီမြို့တွင်းနေထိုင်နေသည့် ပြည်သူများက မြို့ပြင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ မြို့တွင်းသို့ ကူးစက်ကာ ပြင်းထန်လာမည်ကို စိုးရိမ်နေသဖြင့် အချို့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်တိမ်းရှောင်နိုင်ရေး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် တန်းစီစောင့်စားနေသူများ ပုံမှန်ထက် အဆမတန်များပြားနေကြောင်း ဒေသခံများထံမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်