လက်နက်အပ် အလင်းဝင်သူ စစ်ကောင်စီလက်အောက်ခံ လေးဦးရှိပြီဟု ရေစကြိုအဖွဲ့ဆို ၊ အလင်းဝင်လိုသူများ ထပ်ရှိသော်လည်း ပိုက်ဆံမရှိ၍ သွားမခေါ်နိုင်သေးဟုဆို

Author မင်းထက်
Categories
Published on Apr 10, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် Southern YSO PDF အဖွဲ့ထံသို့ စစ်ကောင်စီဘက်မှ လက်နက်အပ်အလင်းဝင်လာသူ လေးဦးအထိရှိပြီဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ခံ ကိုအောင်မောင်းက CJ Platform သို့ပြောသည်။

 

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ပခုက္ကူမြို့နယ်အခြေစိုက် ခလရ ၂၅၂ တပ်က တပ်သားနှစ်ဦးသည် MA 1 သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခု၊ 5.56 ကျည် ၂၅ တောင့်တို့နှင့်အတူ ရေစကြိုမြို့နယ် Southern YSO PDF အဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့သည်။ ၎င်းတို့သည် တပ်သား အောင်ဆန်းလင်း(၂၀) နှစ်နှင့် အောင်သက်ပိုင်(၁၈)နှစ်တို့ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ Southern YSO မှာ ဧပြီလ ၅ ရက်နေ့က စစ်သားနှစ်ယောက်အပါအဝင် (အရင်က)ရဲနှစ်ယောက် CDM လေးယောက်ရှိပါပြီ။ သူတို့ကို လောလောဆယ် လုံခြုံတဲ့ လွတ်မြောက်နယ်မြေတစ်ခုမှာ ရေမီးအစုံပေါ့။ ပူစရာမလိုအောင် အဝတ်စားကအစ ကျွန်တော်တို့ပို့ထားပါတယ်” ဟု ၎င်းက ပြောသည်။

လူငယ်စစ်ကောင်စီတပ်သားနှစ်ဦးသည် လွန်ခဲ့သည့်တစ်လခန့်ကတည်းက ဆက်သွယ်ထားခြင်းဖြစ်ပြီး ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းမှ သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

ထိုတပ်သားနှစ်ဦးကို Southern YSO PDF အဖွဲ့မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် လက်နက်အပ် အလင်းဝင်ရောက်ရန် CDM ရဲဘော်များရှိနေသေးသော်လည်း ငွေကြေးအခက်အခဲကြောင့် မခေါ်ဆောင်နိုင်သေးကြောင်း ကိုအောင်မောင်းက ပြောသည်။

 

ထို့ကြောင့်ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ Southern YSO PDF အဖွဲ့ကို အားဖြည့်ကူညီပေးပါရန် တာဝန်ခံ ကိုအောင်မောင်းက မေတ္တာရပ်ခံသည်။