မြဝတီ မြို့စောင့်တပ် ခလရ ၂၇၅ ကို စတင်ဝင်တိုက်၊ စစ်ကောင်စီ လေကြောင်းဖြင့် ခုခံ

Author လင်းနွေဦး
Categories
Published on Apr 09, 2024

လက်နက်ချလိုက်ပြီဟု သတင်းများထွက်ပေါ်နေသော ကရင်ပြည်၊ မြဝတီမြို့စွန်ရှိ ခလရ(၂၇၅)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မဟာမိတ်ပူးပေါင်းတပ်များ ယနေ့ နေ့လယ်ပိုင်းမှစတင်တိုက်ခိုက်ကြောင်း CJ Platform ၏ မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

 

သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်စခန်းတို့ကို ဧပြီလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်အပြီး နှစ်ရက်အကြာ ဧပြီ ၉ ရက်နေ့တွင် မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

 

“စတာတော့ နေ့လယ်ကတည်းကပဲ။ သူတို့(စစ်ကောင်စီဘက်)က ဒီ ခလရ ၂၇၅ ကျရင် မြဝတီ လက်လွှတ်ရပြီလို့ပြောရမယ်။ ခံစစ်ပြင်ထားတာလည်း အသေအချာပဲ။ လက်နက်ကြီးတွေ ထုတယ်။ လေယာဉ်လာတာလည်း ဘယ်နှစ်ခေါက်မှန်းတောင် မသိတော့ဘူး။ တိုက်နေကြတုန်းပဲ” ဟု ရှေ့တန်းစစ်မြေပြင်ရောက် KNLA အထူးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

ခလရ ၂၇၅ ကို ဝင်ရောက်မတိုက်ခိုက်မီ ယမန်နေ့က စစ်ကောင်စီလက်အောက်ခံ Myanmar National Airline(MNA)မှ လေယာဉ်တစ်စင်းဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့လေဆိပ်တွင် အစိုးရဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များရှိ လက်ကျန်ငွေသားများကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှတစ်ဆင့် သယ်ဆောင်ကာ ရန်ကုန်၊ နေပြည်တော်မြို့များသို့ ပြန်လည်သယ်ယူသွားသည်ဟု လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်ခဲ့သော်လည်း CJ Platform မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

 

ခလရ ၂၇၅ ကို တော်လှန်ရေးအင်အားစုများရရှိပါက မြဝတီကို ရရှိပြီဖြစ်သည်။

 

ယခုကဲ့သို့ မြဝတီ မြို့ပြင်ဒေသများ၌ တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် မြို့ပေါ်သို့ဆက်လက်ကူးစက်ကာ တိုက်ပွဲများပြင်းထန်လာမည်ကိုစိုးရိမ်ရသောကြောင့် စစ်ကောင်စီဘက်မှ ဌာနဆိုင်ရာ အရာရှိများ၊ ဝန်ထမ်းများကို အသင့်အနေအထားပြင်ဆင်ထားခိုင်းကာ မြို့ပေါ်တိုက်ပွဲများစတင်ဖြစ်ပွားသည်နှင့်တပြိုင်နက် တိမ်းရှောင်နိုင်ရန် လမ်းကြောင်းများ ပြင်ဆင်ခိုင်းထားသည်ဟု တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

 

လက်ရှိတွင်လည်း မြဝတီမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအနီးတဝိုက်တွင် ငှားရမ်းနေထိုင်ကြသော မြို့ခံများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း၊ မြိုပြင်ဒေသတိုက်ပွဲများ ပြင်းထန်နေသော်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ကူးသန်းသွားရောက်နိုင်သည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပိတ်ထားခြင်းမရှိဘဲ ပုံမှန်လုပ်ငန်းစဉ်များအတိုင်း သွားလာနိုင်သည်ဟု ဒေသခံများက CJ Platform သို့ပြောသည်။