ကျောပိုးသယ်နိုင်သည့် ကိုယ်ပိုင်ဒီဇိုင်းသစ် ဒရုန်းများဖြင့် တိုက်ခိုက်

Author ကိုထားဝယ်
Categories
Published on Apr 09, 2024

ဒရုန်းတီထွင်၊ တိုက်ခိုက်ရေးအဖွဲ့တစ်ခုဖြစ်သော Federal Wing က တော်လှန်ရေးရဲဘော်များကိုယ်တိုင် တီထွင်ထုတ်လုပ်ထားသည့် ကိုယ်ပိုင်ဒီဇိုင်းသစ် ဒရုန်းများဖြင့် မြေပြင်တွင် စစ်ကောင်စီကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

 

ထိုဒရုန်းသစ်များကို တိုက်ပွဲအတွေ့အကြုံ၊ မြေပြင်လိုအပ်ချက်များ အကိုက်ညီဆုံးဖြစ်မည့်အနေအထားကို ပြင်ဆင်၍ FW R&D အဖွဲ့ဝင်များက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

 

ယခုဒီဇိုင်းသစ်ဒရုန်းများသည် တည်ဆောက်မှုပုံစံရိုးရှင်းပြီး တပ်ဆင်ရမြန်ဆန်လွယ်ကူသည့်အပြင် ပါဝင်အစိတ်အပိုင်းနည်းပါးမှုကြောင့် ယခင်ကိုယ်ထည်များထက် ၂၅ ရာခိုင်နှုန်းအထိ ပိုမိုပေါ့ပါးသည်ဟု Federal Wing က ဆိုသည်။

“လမ်းပန်းခက်ခဲတဲ့ဒေသတွေမှာ ကျောပိုးပြီးသယ်ဆောင်သွားလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်” ဟု FW အဖွဲ့က ပြောသည်။

 

ယခင် FW ဒရုန်းများသည် စိုက်ပျိုးရေးသုံးဒရုန်းကိုယ်ထည်များကို တိုက်ပွဲသုံးအဖြစ် ပြင်ဆင်အသုံးပြုခဲ့သည့်အတွက် အလေးချိန်များပြားပြီး ဒရုန်းတစ်စင်းဆီက ရသင့်သည့်စွမ်းရည်များ အပြည့်အဝအသုံးမချနိုင်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

 

“ယခုကိုယ်ပိုင်ဒီဇိုင်းအသစ်မှာ အဲဒီအားနည်းချက်တွေအကုန်လုံးကို ပြင်ဆင်လိုက်နိုင်ပါပြီ” ဟု FW က ဝင့်ကြွားပြောဆိုသည်။

 

ယခုကြိုးစားအားထုတ်မှုများ၏ အဓိကရည်ရွယ်ချက်မှာ နည်းပညာအားပြုပြီး မြေပြင်ရဲဘော်များ၏ အသက်ကို အတတ်နိုင်ဆုံးချွေတာရန်နှင့် ပြည်သူလူထုကို မထိခိုက်စေဘဲ ရန်သူကို တိတိကျကျတိုက်ခိုက်နိုင်ရန် ရည်ရွယ်ကြောင်း Federal Wing က ယမန့်က ထုတ်ပြန်သည်။

 

ဓာတ်ပုံ – Federal Wing