မန္တလေး ပြည်ကြီးတံခွန် မီးလောင်ပြင်အတွင်းမှ တွေ့ရှိသည့် ရွှေထည်ပစ္စည်းများ ပိုင်ရှင်ထံပြန်ပေး

Author အေတီ
Categories
Published on Apr 01, 2024

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၅လမ်းနှင့် ၁၃၉လမ်းကြားတွင် ယနေ့ ဧပြီ ၁ရက် ၁၂နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးကြွင်းမီးကျန်များ ရှင်းလင်းရာတွင် တွေ့ရှိသည့် ရွှေထည်ပစ္စည်းများကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှုကြောင့် တွဲကားတစ်စီး၊ ကုန်စုံဆိုင်တစ်ဆိုင်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့မှုကြောင့် ၁၂နာရီ ၄၈မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ထားသည့် စာရေးကိရိယာဆိုင်အတွင်း မီးကြွင်းမီးကျန်များ ရှင်းလင်းငြိမ်းသတ်နေစဉ် ရွှေဆွဲကြိုး၊ ရွှေလက်ကောက်နှင့် ရွှေလက်စွပ်များကို ပြာပုံအတွင်းမှ တွေ့ရှိရသည့်အတွက် ပိုင်ရှင်ဖြစ်သူထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

အလားတူ မဟာအောင်မြေမြို့နယ် ၇၈လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြားတွင် ယနေ့ ဧပြီ ၁ရက်က စက်ဘီးအရောင်းဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ယခုရက်ပိုင်းမီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ပြီးခဲ့သည့် မတ်လပိုင်းက မန္တလေးခရိုင်အတွင်း မီးလောင်ကျွမ်းမှု ၁၁ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ မီးလောင်မှုများမကြာခဏဖြစ်ပေါ်ခြင်း၊ ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများ မကြာခဏဖြတ်ပေါ်လျက်ရှိခြင်းကြောင့် မီးဘေးအန္တရာယ်ကျရောက်နိုင်သည့်အတွက် မြို့နေလူထုအနေဖြင့် ဂရုစိုက်ပြီးသတိရှိကြရန် မီးသတ်ဦးစီးဌာနအနေဖြင့် အသိပေးနိူးဆော်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ – Than Htay