ဖာပွန်ရှိ ခလရ တပ်ရင်း (၁၉)ကို ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် ၊ အလုံးစုံထိန်းချုပ်နိုင်ရန် ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့

Author လင်းနွေဦး
Categories
Published on Mar 31, 2024

ကရင်ပြည်၊ ဖာပွန်မြို့ အနီးရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း (၁၉) ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များမှ ယမန်နေ့ မတ် ၃၀ ရက် စနေ့နေ့ညနေပိုင်းတွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း မြေပြင် သတင်းရင်းမြစ်များမှ CJ Platform သို့ သတင်းပေးပို့သည်။

 

 

ဖာပွန်မြို့တွင်းအား KNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များမှ ပြီးခဲ့သည် မတ် ၂၈ ရက် ကြာသပတေးနေ့တွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖာပွန်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ခလရ (၁၉) နှင့် ဗျူဟာကုန်းတို့သာ ကျန်ရှိရာတွင် ယမန်နေ့ ၌ ခလရ (၁၉) အား ထပ်မံသိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု မြေပြင် ရဲဘော်တစ်ဦးမှ ဆိုသည်။

 

 

” ခလရ (၁၉) လည်း ကျွန်တော်တို့ တိုက်တာ မနေ့ညနေက ရပြီ။ အဓိက ကုန်းတစ်ခု (ဗျူဟာကုန်း)ပဲ ကျန်တော့တာပေါ့၊။ မြို့ကို လုံးဝထိန်းချုပ်နိုင်ဖို့ ကျန်စစ်ရေးပစ်မှတ်တွေကို အဖွဲ့တွေ ဆက်ပြီးတိုက်နေပါတယ်”ဟု ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်မှ CJ Platform သို့ပြောသည်။

 

ခလရ(၁၉) တပ်ရင်းအား တိုက်ခိုက် သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြားကာ လက်နက်ခဲယမ်းများ အပါအဝင် တပ်သားများ လက်ရဖမ်းဆီးမှုများ ရှိသော်လည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များမှ စစ်ရေးသတင်းထုတ်ပြန်မှုများကိုသာ စောင့်ဆိုင်းသင့်ကြောင်း နောက်ထပ် မြေပြင်ရဲဘော်တစ်ဦးမှ ပြောသည်။

 

“လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရမိတာမျိုးရှိတယ် ။ လက်ရဖမ်းဆီးမိတာမျိုးလည်းရှိတယ်။ အလောင်းတွေလည်း အများကြီး။ တော်လှန်ရေးအဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာမျိုးတွေလည်း ရှိပေမဲ့ KNU နဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေ ထုတ်ပြန်တာကို စောင့်ဆိုင်းသင့်ပါတယ်”ဟု တိုက်ပွဲအတွင်းပါ ဝင်ခဲ့သည့် မြေပြင် ရဲဘော်တစ်ဦးမှ CJ Platform သို့ပြောသည်။

 

ဖာပွန်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး KNLA ဦးဆောင်သော တော်လှန်ရေး မဟာမိတိ တပ်ဖွဲ့များမှ မတ်လ ၁၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ များ၏ စခန်းကုန်းများအပါအဝင် မြို့တွင်းမြို့ပြင် လမ်းကြောင်းများကို ပိတ်ဆို့ တိုက်ခိုက်နေခဲ့ရာမှ မကြာခင်အချိန်အတွင်း ဖာပွန်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။