အင်းစိန်စုဆောင်းရေးတပ်နှင့် လေတပ်ဝင်း ပြင်းအားမြှင့် မိုင်းဖြင့် ဖောက်ခွဲခံရ

Author လဂွန်းအိမ်
Categories
Published on Mar 30, 2024

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ မင်္ဂလာဒုံလေတပ်ဝန်း၊ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်နှင့်  အင်းစိန်ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကို Dark Shadow UG အဖွဲ့မှ ပြင်းအားမြှင့်မိုင်းဖြင့် မတ်လ ၂၉ ရက်နေ့ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့ထံမှ သိရသည်။

 

အောက်မင်္ဂလာဒုံလမ်းမကြီး၊ ခရေပင်လမ်း၊ ဒညင်းကုန်းရပ်ကွက်ရှိ စစ်သားစုဆောင်းရေးတပ်၊ မင်္ဂလာဒုံလေတပ်ဝန်းနှင့် အင်းစိန်ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကို ည ၈ နာရီဝန်းကျင်တွင် မိနစ်ပိုင်းသာခြား၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲမှုကြောင့် စစ်ကောင်စီမှ ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု သိရှိရသည်။

 

ထိုသို့ ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီမှ စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်ကာ ပြည်လမ်း၊ မင်းကြီးလမ်း နှင့် ဂျပန်လမ်းတို့တွင် သွားလာနေသည့် ယာဉ်များကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

“သုံးလုံးဆင့်ပေါက်တာထင်တယ် အသံကြားပြီး နာရီဝက်လောက်ကျော်တော့ ဘိုကုန်းတစ်ဝိုက်မှာ Ambulance (လူနာတင်ယာဉ်) တွေ အများကြီးပဲ ရောက်လာတာ၊ လမ်းပေါ်မှာလည်း စစ်ဆေးမှုတွေလုပ်ပြီး လှန်လောရှာကြတယ်၊ ဂျပန်လမ်းထဲမှာလည်း ဆေးရုံကားတစ်စီးတွေ့တယ် ” ဟု အနီးဝန်းကျင် နေထိုင်သူတစ်ဦးက CJ Platform သို့ပြောသည်။

 

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာနေရာများတွင် နေထိုင်ကြရန်၊ ပြည်သူများမထိခိုက်အောင် ကြိုးစားဆောင်ရွက်သော်လည်း မတော်တဆ ထိခိုက်မှုရှိပါက ခွင့်လွှတ်ပေးရန်၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူလူထုအား အန္တရာယ် ပေးနေသူများကို လုံခြုံစွာသတင်းပေးပို့နိုင်ကြောင်းလည်း Dark Shadow UG အဖွဲ့မှထုတ်ပြန်ထားသည်။

 

” အဓိကတော့ လေကြောင်းကိုပိုပြီး တိုက်ခိုက်ချင်တာ၊ ဘာကြောင့်လဲဆိုရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ‌ ရှေ့တန်းရောက်နေတဲ့ရဲဘော်တွေ တိုက်ခိုက်နေတဲ့ရဲဘော်တွေ အခြားအရာတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်တယ် ဗုံးကြဲတယ် မီးရှို့တယ်ပေါ့ဗျာ အဲ့ဒါတွေကို နေ့စဉ်ရက်ဆက် ခံစားနေရတယ် အဲ့ဒါတွေကို ကျွန်တော်တို့ မလိုလားဘူး၊ ကျွန်တော်တို့ UG တွေရဲ့ မြို့ပြမှာ ဒီကောင်တွေ(စစ်ကောင်စီ)ကို ကျွန်တော်တို့လုပ်လို့ရတယ် ဒီကောင်တွေရဲ့ မိသာစုဝင်လေတပ်ဝင်းတွေကို ကျွန်တော်တို့ လုပ်လို့ရတယ် ဒီကောင်တွေကို အကြောက်တရားသွင်းနိုင်တယ်ဆိုတာကို ပြချင်တာ ဒီကောင်တွေကို ပြစ်ဒဏ်အရေးယူတာမျိုး ထိထိ‌ရောက်ရောက်လုပ်နိုင်တဲ့အတွက် ဒီကောင်တွေနောက်ဆုံး အကြောက်တရားနဲ့ အဆုံးသတ်သွား‌စေရမယ်” ဟု Dark Shadow အဖွဲ့တာဝန်ခံ ရဲဘော်အရိပ်မှ CJ Platform ကိုပြောသည်။

 

Dark Shadow UG အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို အဓိကထား တိုက်ခိုက်လျက်ရှိပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်လည်း အမှတ် ၁ ကုတင် ၁၀၀၀ စစ်ဆေးရုံကို Drone နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့ကာ ယခုအခါ ပြင်အားမြှင့် ဗုံးများဖြင့်ပင် တိုက်ခိုက်လာနိုင်ခဲ့ပြီဖြစ်သည်။

 

ဓာတ်ပုံ – Google

 

ပုံစာညွှန်း – အင်းစိန်မြို့နယ်ရှိ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ် ( ရန်ကုန်)