မှော်ဘီလေတပ်အနီး ကုလားကုန်းရွာက အိမ်ခြေ ၁၀ဝ ကျော်ကို စစ်ကောင်စီဖယ်ရှား
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်လေတပ်အနီး ကုလားကုန်းကျေးရွာက အိမ်ခြေ ၁၀ဝ ကျော်ကို မတ်လ ၂၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သားများနှင့် စည်ပင်ဝန်ထမ်းများက လာရောက်ဖယ်ရှားသွားကြောင်း ဖယ်ရှားခံရသူ ဒေသခံများက ပြောသည်။
အဆိုပါနေအိမ်များကို မတ်လ ၆ ရက်နောက်ဆုံးထားဖယ်ရှားပေးရန် စစ်ကောင်စီက စာပေးပို့ထားပြီး ၎င်းတို့တပ်ပိုင်မြေဖြစ်သည်ဟု ပြောဆိုကြောင်း ဖယ်ရှားပေးလိုက်ရသူတစ်ဦးက ပြောသည်။
“၂၈ရက်နေ့ မနက်ပိုင်းက လာဖျက်ကြတာ။ တချို့ကတော့ သူတို့သတ်မှတ်တဲ့ရက်မတိုင်ခင် ဖယ်ပေးထားကြတာ။ အခုက မဖယ်ပေးသေးတဲ့အိမ်တွေကို ဘတ်ဟိုးတွေရော၊ ဘူဒိုဇာတွေနဲ့ရော လာဖျက်တာပါ။ စည်ပင်က ဖျက်တာပဲ။ ဘေးနားမှာတော့ သူတို့(စစ်ကောင်စီတပ်သား)တွေ လုံခြုံရေးယူပေးထားကြတယ်” ဟု အိမ်ဖယ်ရှားပေးလိုက်ရသည့် ပြည်သူတစ်ဦးက ပြောသည်။
ဖယ်ရှားခံရသည့်အိမ်များတွင် စစ်ကောင်စီတပ်က အငြိမ်းစားများနေထိုင်သည့် နေအိမ်များလည်းပါဝင်ကြောင်း သိရသည်။
“သူတို့လည်း ဘာတတ်နိုင်မှာလဲ။ ဖယ်ဆိုတော့လည်း အကုန်ဖယ်ရတော့တာပေါ့။ လျော်ကြေးတွေဘာတွေ ရလားတော့မသိဘူး။ သူတို့တပ်က အငြိမ်းစားတွေဆိုတော့လည်း။ သာမန်အရပ်သားတွေရဲ့နေအိမ်တွေကတော့ ဖယ်ဆိုဖယ်ရတာပဲ။ ဘာလျော်ကြေးမှလည်း မရဘူး” ဟု ကုလားကုန်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း မင်္ဂလာဒုံဈေးအနီးက အိမ်ခြေ ၁၀ဝ ကျော်ကို စစ်ခေါင်းဆောင်၏သား ဈေးဝယ်စင်တာဆောက်ရန်ဟုဆိုကာ ဖယ်ရှားခဲ့သည်။
စစ်အာဏာသိမ်းပြီးသည့်နောက်တွင် စစ်ကောင်စီသည် ရန်ကုန်က နေရာအနှံ့က ကျူးကျော်ဆိုသည့်နေရာများကို အင်အားသုံးဖယ်ရှားနေခြင်းလည်းဖြစ်သည်။
ဓာတ်ပုံ – ပေးပို့