နှစ် ၆၀ ကျော် အနိုင်ကျင့်ဖိနှိပ်ခံရသည့် အမြစ်ဆိုးကို နှုတ်ပစ်နိုင်ခဲ့ပြီဟု TNLA စစ်ဦးစီးချုပ် ကြုံးဝါး

Author ကိုထားဝယ်
Categories
Published on Mar 28, 2024

စစ်ကောင်စီ စစ်တပ်၏ နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးကို ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က ကြုံးဝါးပြောဆိုသည်။

ပြီးခဲ့သည့်မတ်လ ၂၆ ရက်နေ့က နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၃ စုက ဒေသခံ ၃၀၀ ဦးကျော်တက်ရောက်ခဲ့သည့် လူထုတွေ့ဆုံပွဲအတွင်း TNLA စစ်ဦးစီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မဟာလူမျိုးကြီးဝါဒကျင့်သုံးပြီး မိမိတို့လူမျိုးအပေါ် နှစ်ပေါင်း(၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီ။ မိမိတို့စည်းစည်းလုံးလုံးနေထိုင်သွားကြရမယ်” ဟု PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က ဆိုသည်။

 

၎င်းက စစ်ကောင်စီတပ်ဟု တိုက်ရိုက်မပြောသော်လည်း ‘မဟာလူမျိုးကြီးဝါဒ’ ဆိုသည့်အသုံးအနှုန်းမှာ ဗမာလူမျိုးရေးဝါဒဦးစားပေးသည့် စစ်တပ်ကို ရည်ညွှန်းအသုံးပြုကြခြင်းဖြစ်သည်။

 

ထိုလူထုတွေ့ဆုံပွဲသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ခေါင်းဆောင်များတက်ရောက်ခဲ့သည်။

 

ထိုအထဲပါဝင်တက်ရောက်ခဲ့သည့် PSLF/TNLA ဥက္ကဋ္ဌ တားအိုက်ဘုန်းက နမ့်ဆန်မြို့အပြင် တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နှင့် ပြည်သူလူထုများ ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု မတ်လ ၂၇ ရက်နေ့ထုတ်ပြန်ချက်အတွင်း ပြောကြားသည်။

 

 

“အသက်သွေးချွေးစွန့်ပြီး တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးတွေရဲ့ ဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နဲ့ အဲဒီဒေသအတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုများစုပေါင်းကာ အတူတကွကာကွယ်စောင့်ရှောက်ရမယ်” ဟု ၎င်းက ဆိုသည်။

 

PSLF/TNLA သည် နမ့်ဆန်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်ကစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲ ရက် ၂၀ မြောက်ဖြစ်သည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

 

လတ်တလော တအာင်းဒေသအတွင်း PSLF/TNLA သည် နမ့်ဆမ်မြို့အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့များတွင် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နိုင်ရန် ခေါင်းဆောင်များက လူထုတွေ့ဆုံပွဲများ ဆက်တိုက်ဆိုသကဲ့သို့ ကျင်းပပြုလုပ်လျက်ရှိသည်။

 

ပြီးခဲ့သည့်မတ်လ ၁၈ ရက်နေ့က နမ္မတူမြို့နယ်ရှိ ပန်ဟိုက်ရပ်ကွက်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဦးဆောင်သည့်အဖွဲ့က တက်ရောက်ခဲ့သည်။

 

ဓာတ်ပုံ – PSLF/TNLA