ဖားကန့်ဒေသတွင် မိုးသီးကြွေကျခြင်းမှ လူထိခိုက်မှုများရှိခဲ့ပြီး နေအိမ်ခေါင်မိုးများ ပျက်စီးခြင်းကြောင့် အိမ်မိုးသွပ်များ ပစ္စည်းပြတ်သွား 

Author အေတီ
Categories
Published on Mar 27, 2024

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်ဒေသတွင် ယမန်နေ့ ၂၆ရက် ည ၁၀နာရီ ၃၀မိနစ်အချိန်က မိုးရွာသွန်းခြင်းနှင့်အတူ ဂေါက်သီးလုံးခန့် မိုးသီးများကြွေကျခဲ့မှုကြောင့် လူထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်ဒေသ ဆိပ်မှု(ဆိုင်းတောင်)၊ ဖားပြင်၊ မမုံ၊ လုံးခင်းအစရှိသည့် မှော်ဒေသတစ်ခုလုံးနီးပါး မိုးရွာသွန်းခြင်းနှင့် မိုးသီများကြွေကျခြင်းကြောင့် နေအိမ်ခေါင်မိုးများ ပေါက်ပြဲပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဆောင်းချိန်ရွာမှ ဒေသခံတစ်ဦး အိမ်ပိ၍ လုံးခင်း Graceဆေးရုံသို့ လူမှုကူညီရေးအသင်းကားဖြင့် ယနေ့ မတ် ၂၇ရက်ကပို့ဆောင်ခဲ့ရကြောင်း သိရသည်။

 

“ဆိုင်းတောင်တစ်ရွာလုံးပဲ အိမ်ခေါင်မိုးတွေပျက်စီးကုန်တယ်။တစ်ချို့ကားမှန်တွေကွဲကုန်တာရှိတယ်။ကြွေကျတဲ့ မိုးသီးတွေထဲမှာ အရွယ်မျိုးစုံပဲ။ ပရုတ်လုံးအရွယ်ကနေ တစ်ချို့နေရာတွေမှာ အကြီးဆုံး ဂေါက်သီးအရွယ်စားလောက် ရှိတာကိုတွေ့ရတယ်”ဟု ဆိုင်းတောင် ရှမ်းကုန်းစျေး ရပ်ကွက်(၂)တွင်နေထိုင်သူ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောသည်။

မိုးသီးများကြောင့် နေအိမ်ခေါင်မိုးများ ပျက်စီးခဲ့ရပြီး ပြန်လည်ပြင်ဆင်နိုင်ရန် အိမ်မိုးသွပ်များ ဝယ်ယူသူများပြားခဲ့ပြီး ပစ္စည်းများ ပြတ်လပ်သွားခဲ့ကြောင်း သိရသည်။

 

“မေးသမျှတော့ ပစ္စည်းကုန်သွားပြီပဲပြောတယ် စျေးတောင် မဖွင့်တော့ဘူး၊ သွပ်တွေက တမြို့လုံးဝယ်မရတော့ဘူး ဖြစ်ကုန်တာ၊ အမျိုးတွေက မြို့မှာ သိပ်မကျန်တော့ဘူးဆိုတော့ အခြေအနေတွေကို အတိအကျတော့ မသိရဘူး” ဟု ဖားကန့်ဒေသမှ နိုင်ငံရေးအရ လွတ်မြောက်ဒေသတစ်ခုသို့ တိမ်းရှောင်နေရသူ အမျိုးသားတစ်ဦးက ပြောသည်။

မိုးရွာသွန်းမှုနှင့်မိုးသီးကျချိန်သည် ရေမဆေးကျောက်ရှာဖွေသူများ မြေစာပုံများတွင် ကျောက်စိမ်းရှာဖွေနေသည့် အချိန်ဖြစ်သောကြောင့်   ပြင်းပြင်းထန်ထန် လူထိခိုက်ဒဏ်ရာရရှိမှုရှိမရှိနှင့် ပျက်စီးမှု အခြေအနေများကို CJ Platform အနေဖြင့် ဆက်လက် ဆက်သွယ်စုံစမ်းလျက်ရှိသည်။

 

လွန်ခဲ့သည့် ၁၉၉၈ခုနှစ် ဧပြီလပိုင်း ကလည်း ဖာကန့်ဒေသတွင် ယခုကဲ့သို့ မိုးသီးကြွေကြခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။