အနောက်ကြို့ကုန်းတွင် YBS ၈၂ ယာဉ် ဘရိတ်ပေါက်ပြီး လမ်းဘေးဓာတ်တိုင် ဝင်တိုက်၊ လူ ၈ ဦးဒဏ်ရာရ

Author ကိုထားဝယ်/ကိုထက်
Categories
Published on Mar 27, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း(အနောက်)မှတ်တိုင်အနီး ဘုရင့်နောင်လမ်းမပေါ်တွင် ယနေ့ မွန်းလွဲပိုင်းက YBS 82 ယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်နှင့် ဓာတ်တိုင်တို့ကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားကြောင်း အနီးနေသူများနှင့် ပရဟိတအသင်းတို့ထံမှ သိရသည်။

ယနေ့ မတ်လ ၂၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအတွင်း YBS ယာဉ်ပေါ်က ကျား ၄ ဦး၊ မ ၄ ဦး စုစုပေါင်း ၈ ဦး (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာအနည်းငယ်စီရရှိခဲ့ကြောင်း သိရသည်။

 

“ကြို့ကုန်း(မီးပွိုင့်)အနီးမှာပါ။ မြို့ထဲကနေ လှိုင်သာယာအဆင်း (YBS)82 အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဓာတ်တိုင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့တာပါ” ဟု တွဲလက် လူမှုကူညီရေးအဖွဲ့(အင်းစိန်)မှ တာဝန်ရှိသူ‌တစ်ဦးက‌ CJ Platform သို့ပြောသည်။

အဆိုပါယာဉ်မှာ ဘရိတ်ပေါက်ပြီး လမ်းဘေးကို ချော်ထွက်သွားခဲ့ပြီး၊ ဓာတ်တိုင်နှင့် သစ်ပင်တို့ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

ဒဏ်ရာရရှိသူများကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပရဟိတအဖွဲ့တစ်ခုဖြစ်သော တွဲလက်ကူညီရေးအဖွဲ့(အင်းစိန်)မှ သူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို Omni Focus ကုမ္ပဏီပိုင် YBS 82 ယာဉ် နံပါတ် ၈၅၂၃ ယာဉ်မောင်းသည် ခရီးသွားပြည်သူများအပေါ် စိတ်ရှည်သည်းခံခြင်းမရှိသည့်အပြင် ဆက်ဆံရေးအလွန်ဆိုးရွားသည့်အတွက် မစီးဘဲ ရှောင်ရှားလေ့ရှိသည်ဟု YBS 82 အမြဲစီးနင်းနေသူ ခရီးသည်တစ်ဦးက လူမှုကွန်ရက်ပေါ်မှတစ်ဆင့် မှတ်ချက်ပေးပြောကြားသည်။