ယင်းမာပင်နှင့် ဆားလင်းကြီးရှိ ရွာ ၈ ခုမှ ဒေသခံ ၁၀ဝဝ ကျော် ထပ်မံတိမ်းရှောင်နေကြရ

Author မင်းထက်
Categories
Published on Mar 25, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆာလင်းကြီးမြို့နယ်များအတွင်း လှည့်လည်နေသော စစ်ကြောင်းကြောင့် ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာသော ထိုစစ်ကြောင်းသည် မတ်လ ၂၀ ရက်နေ့မှစတင်၍ ယင်းမြို့နယ်များအတွင်း စစ်ကြောင်းထိုးနေသည့်အတွက် ကနဦး ရွာ ၁၂ ခုမှ ဒေသခံ ၁၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ ယခုအခါ ယင်းမြို့နယ်နှစ်ခုအတွင်းရှိ ရွာ ၈ ခုမှ ဒေသခံများ ထပ်မံတိမ်းရှောင်ရခြင်းဖြစ်သည်။

 

“အခုထိလည်း ရှောင်တိမ်းနေရဆဲဖြစ်ပါတယ်။ ယင်းမာပင်မြို့နယ် ကျေးစာကျရွာ၊ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာ၊ ဒုန်းတောရွာတွေမှာ တပ်စွဲထားတာ အင်အား ၁၇၀ လောက်ရှိတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

အဆိုပါစစ်ကြောင်းသည် မတ်လ ၂၂ ရက်မှ ယနေ့ မတ်လ ၂၅ ရက်နေ့အထိ ယင်းမြို့နယ်များအတွင်း ဆက်ရှိနေဆဲဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသူများအနေဖြင့် အကူညီများလိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။