မန်းက ဆယ်သန်းရွှေဆိုင်ဓားပြတိုက်သူများနှင့်ဆင်တူသူများ ချမ်းအေးသာဇံ KBZ ဘဏ်ကို ဓားပြဝင်တိုက်၊ ကျပ်သိန်း နှစ်ထောင်ကျော်ပါသွားဟုဆို

Author ကိုထားဝယ်
Categories
Published on Mar 25, 2024

မန္တလေးတိုင်း၊ မန္တလေးမြို့မဈေးအနီးက ဆယ်သန်းရွှေဆိုင်ကို ဓားပြတိုက်ခဲ့သူများနှင့် သဏ္ဍာန်တူသူများ ချမ်းအေးသာဇံမြို့နယ်က ကမ္ဘောဇ(KBZ)ဘဏ်ကို ယနေ့ မတ်လ ၂၅ ရက် နံနက်ပိုင်းက ဓားပြဝင်တိုက်မှုဖြစ်ပွားခဲ့ရာတွင် ကျပ်သိန်း နှစ်ထောင်ကျော်ပါသွားကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် စီစီတီဗွီမှတ်တမ်းအရ သိရသည်။

 

ယနေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင် သေနတ်နှင့် ပုဆိန်ကိုင်ဆောင်ထားကြသည့်အမျိုးသားနှစ်ဦးအပါအဝင် သုံးဦး KBZ ဘဏ်ခွဲအမှတ် ၄၆ အတွင်းသို့ ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့တွင် လူကောင်အထွားဆုံးသူက အိတ်အတွင်းအသင့်ယူဆောင်လာသည့် ပုဆိန်ကိုင်ဆောင်ပြီး အလယ်အလတ်ရှိသူက ဘဏ်အတွင်းရှိသူများကို သေနတ်ကိုင်ခြိမ်းခြောက်ပြီးနောက် လူကောင်အသေးဆုံးသူက ခုံပေါ်အသင့်ရှိနေသည့် ပိုက်ဆံများကို အိတ်အတွင်းထည့်နေခဲ့သည်ကို လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့် စီစီတီဗွီရုပ်သံဖိုင်အတွင်း တွေ့မြင်ရသည်။

 

၎င်းတို့သုံးဦးစလုံး နှာခေါင်းစည်း(Mark)များတပ်ထားကြပြီး ဆိုင်ကယ်ဦးထုပ်များဆောင်းထားကြသည့်အတွက် ဆိုင်ကယ်ဖြင့် လာရောက်ခဲ့ခြင်းဟု နားလည်ရသည်။

 

ဘဏ်ဓားပြတိုက်မှုကြာချိန်မှာ ဓားပြများ ဝင်လာချိန်၊ ပိုက်ဆံထည့်ချိန်နှင့် ထွက်ခွာသွားချိန်သည် ၃ မိနစ်နှင့် ၈ စက္ကန့်သာကြာမြင့်ခဲ့သည်ကို ဘဏ်အတွင်းရှိ စီစီတီဗွီမှတ်တမ်းအရ သိရသည်။

 

ထို့ပြင် ငွေထည့်သူသည် ငါးထောင်တန်နှင့် တစ်သောင်းတန် ငွေထုတ်များကိုသာ အသင့်ယူဆောင်လာသည့် ဆာလာအိတ်များအတွင်းသို့ ရွေးချယ်ထည့်ယူသွားပြီး တစ်ထောင်တန်များကိုမယူသွားပေ။

 

“သူတို့တိုက်နေတဲ့အချိန်တုန်းက အနီးနားလူတွေ ဘယ်သူမှတောင်မသိလိုက်ဘူး။ ဓားပြသုံးယောက်က အေးဆေးတိုက်ပြီး အေးဆေးယူသွားကြတာတဲ့” ဟု ချမ်းအေးသာဇံနှင့်ကပ်လျက်တည်ရှိသော မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

 

ထိုသို့ဓားပြတိုက်ခံရပြီးနောက် မန္တလေးမြို့တွင်းအပါအဝင် မြို့ဝင်၊ မြို့ထွက်များကို စစ်ကောင်စီတပ်သားများက လုံခြုံရေးတင်းကျပ်ပြီး ဆိုင်ကယ်များအဓိကထား၍ အစစ်အဆေးများလုပ်ဆောင်ခဲ့သည်ဟု ၎င်းက CJ Platform သို့ပြောသည်။

 

ယခုဘဏ်ဓားပြတိုက်သူ သုံးဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်က မန္တလေးမြို့ မြို့မဈေးအနီးရှိ ဆယ်သန်းရွှေဆိုင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သူ သုံးဦးနှင့် ဆင်တူနေသည်ကို စီစီတီဗွီမှတ်တမ်းများအရ သိရသည်။

 

ယင်းရွှေဆိုင်ကိုလည်း သေနတ်ကိုင်တစ်ဦးပါဝင်သည့် နှာခေါင်းစည်း(Mark)တပ်ထားသူ အမျိုးသားသုံးဦးက ဓားပြဝင်တိုက်ခဲ့ပြီး ကျပ်သိန်း ခြောက်ထောင်ဖိုးခန့်ရှိ ရွှေထည်များနှင့် ငွေသား ကျပ်သိန်းနှစ်ရာကျော်ယူဆောင်သွားသည်။ ထိုသူများ၏ အရပ်အမောင်း၊ ခန္ဓာကိုယ်အရွယ်အစားတို့သည် ယခု KBZ ဘဏ်သို့ ဝင်ရောက်တိုက်ခိုက်သူများနှင့် ဆင်တူနေသည်ကို စီစီတီဗီမှတ်တမ်း တိုက်ဆိုင်စစ်ဆေးမှုများအရ CJ Platform အနေဖြင့် ယူဆသည်။

 

အလားတူ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၇ ရက်က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ ၇၂ နှင့် ၇၃ လမ်းကြားရှိ ‘အောင်’ ရွှေဆိုင်သည်လည်း ကာလတန်ဖိုး ကျပ် သိန်း တစ်သောင်း တစ်ထောင်ကျော်ရှိ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံခဲ့ရသည်။