အရှေ့ဒဂုံက ပျောက်ဆုံးကလေးငယ် လေးဦး တစ်ပတ်ကျော်သည်အထိ ပြန်မတွေ့သေး
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က အသက် ၆ နှစ်မှ ၁၁ နှစ်ကြားအရွယ်ရှိ ကလေးငယ် လေးဦး ပျောက်ဆုံးနေသည်မှာ တစ်ပတ်ကျော်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
အရှေ့ဒဂုံမြို့နယ် ၁၂၄ ရပ်ကွက်တွင် နေထိုင်ကြသော မောင်နှမ နှစ်ဦးနှင့် ညီအစ်ကို နှစ်ဦးတို့သည် မတ်လ ၁၇ ရက်နေ့ ညနေပိုင်းက မုန့်သွားဝယ်စားမည်ဟုထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
“၁၇ ရက်နေ့ ညနေတည်းက မုန့်ဆိုင်သွားကြရင်း လေးယောက်စလုံးပျောက်သွားတာ။ အခုတော့ ကြော်ငြာတွေလည်း လိုက်ကပ်ထားတယ်။ ကလေးတွေက အရမ်းငယ်ငယ်လေးတွေပါ။ တွေ့လို့ရှိရင် အကြောင်းကြားပေးကြပါလို့ ပြောချင်ပါတယ်” ဟု ညီအစ်ကိုနှစ်ဦး၏ မိခင်က CJ Platform သို့ပြောသည်။
အသက် ၁၁ နှစ်အရွယ် မောင်မြင့်မြတ်နိုင်နှင့် ၉ နှစ်အရွယ် မအင်ကြင်းခင်တို့ မောင်နှမနှစ်ဦးနှင့် ၁၁ နှစ်အရွယ် မောင်ဇွဲပြည့်မောင်နှင့် ၆ နှစ်အရွယ် မောင်လမင်းမောင်တို့နှင့်ပတ်သက်၍ ယနေ့အထိ မည်သည့်သတင်းအစအနမျှ တိတိကျကျ မကြား၊ မသိရကြောင်း မောင်နှမနှစ်ဦး၏ မိခင်က ဆိုသည်။
“ကျွန်မကလေးနှစ်ယောက်က အရင်လည်း ဒီလိုပဲသွားလာနေကြတယ်ဆိုပေမဲ့ အခုလိုပျောက်တာမျိုးမဖြစ်ဖူးဘူး။ ပျောက်သွားတဲ့နေ့ကစပြီး ဘာသတင်းမှမကြားရဘူး။ တွေ့ရင်အကြောင်းကြားပေးကြပါ” ဟု ၎င်းက ပြောသည်။
ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ဖေဖော်ဝါရီလအတွင်းမှစတင်၍ ကလေးငယ်ပျောက်ဆုံးမှုများ ခပ်စိတ်စိတ်ဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းက ၃ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး ခြံဝန်းအတွင်းမှ ပျောက်ဆုံးသွားပြီးနောက် မောင်ဇွဲမာန်သစ်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် အိမ်အနီးက ရေမြောင်းအတွင်း ဒဏ်ရာအချို့ဖြင့် သေဆုံးလျက်ပြန်တွေ့ခဲ့သည်။
ထို့နောက် ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ရွှေပြည်သာမြို့နယ် ရွှေပြည်သာကွေ့ပန်းခြံအတွင်း ဆော့ကစားနေသည့် လေးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦးပျောက်ဆုံးသွားပြီးနောက် အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံတွင် တောင်းရမ်းစားသောက်သည့်အဖွဲ့အနီး ပြန်တွေ့ခဲ့သည်။
ထို့ပြင် မတ်လ ၂၂ ရက်နေ့က နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၅(တ)ရပ်ကွက်အတွင်းက အသက် ၈ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးပျောက်ဆုံးသွားခဲ့ပြီးနောက် ထိုရပ်ကွက်အတွင်းရှိ လူစည်ကားသည့်မိုးဆမ်းလမ်းဆုံဘက်တွင် တောင်းရမ်းစားသောက်နေသည့်ပုံစံဖြင့် ပြန်လည်တွေ့ရှိခဲ့ရသည်။