စစ်မှုထမ်းဥပဒေဖီဆန်တော်လှန်မည့် (၅/) ကိုင်သူများ ကူညီပေးရေးအဖွဲ့သို့ ရက်ပိုင်းအတွင်း ၆၀ ဦးခန့်ချိတ်ဆက်

Author မင်းထက်
Categories
Published on Mar 19, 2024

စစ်ကောင်စီ၏ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံရသော စစ်ကိုင်းတိုင်းမှ ပြည်သူများ(မှတ်ပုံတင်အမှတ် ၅/ ကိုင်ဆောင်သူများ)ကို ချိတ်ဆက်ကာကွယ်ကူညီပေးနိုင်ရန် မတ်လ ၁၅ ရက်နေ့က အကူအညီပေးရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် ၆၀ ဦးခန့်ဆက်သွယ်ချိတ်ဆက်လာကြောင်း စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုလက်ရှိမှာ ၆၀ နီးပါးရှိတယ်။ အခုစကားပြောနေစဉ်အတွင်းမှာကို ဆက်သွယ်လာပါတယ်။ တိုင်းအတွင်းရော၊ တိုင်းပြင်ပတွေရောပါပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

 

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူအများ စိတ်ဒုက္ခရောက်နေချိန်တွင် စစ်မှုမထမ်းလိုသော စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများအတွက် လက်တွေ့ကျကျချိတ်ဆက်ကူညီပေးရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

“ကျွန်တော်တို့က စစ်မှုထမ်းဥပဒေဆန့်ကျင်ရေးအဖွဲ့ဆိုပြီး လုပ်ငန်းအဖွဲ့လေးဖွဲ့ထားတာပေါ့ဗျာ။ လုပ်ငန်းအဖွဲ့ထဲမှာ ပထမဆုံးချိတ်ဆက်မယ်ပေါ့ဗျာ။ ချိတ်ဆက်ရေးအဖွဲ့ရှိမယ်။ ချိတ်ဆက်ထားတဲ့လူတွေကို စိစစ်ရေးအဖွဲ့ရှိမယ်။ စိစစ်ရေးအဖွဲ့က ချိတ်ဆက်မယ်။ အင်တာဗျူးမယ်ပေါ့နော်။ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်လိုအခြေနေတွေကြောင့် ပါစေချင်တယ်ဆိုတာ။ နောက် အတည်ပြုပြီးတဲ့လူတွေကို ကျွန်တော်တို့က လက်ခံနေရာချထားရေးအဖွဲ့ဆိုပြီး ပြန်လည်နေရာအဖွဲ့ဆိုပြီး ခန့်သွားမယ်ပေါ့။ အဲဒီလိုမျိုး လုပ်ငန်းလမ်းစဉ်အရလုပ်ဆောင်ထားပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လာရောက်ချိတ်ဆက်သူများကို လုံခြုံစိတ်ချရပြီး အကာအကွယ်ပေးနိုင်မည့်နေရာသို့ ပို့ဆောင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စီစဉ်ထားကြောင်း၊ စစ်ကောင်စီ၏ အတင်း အဓမ္မစစ်မှုထမ်းစေခိုင်းခံရခြင်းမှ ကာကွယ်နိုင်ရန် ထိရောက်သော ကူညီမှုများ လုပ်ဆောင်ပေးနိုင်ရန်လိုအပ်ပြီး ပြည်သူအချင်းချင်းကူညီစောင့်ရှောက်စေလိုကြောင်း ၎င်းက ဆက်လက်တိုက်တွန်းပြောကြားသည်။

 

ယင်းအဖွဲ့၏ အကူအညီရယူမည့်သူများအနေဖြင့် စစ်ကိုင်းတိုင်းမှတ်ပုံတင် (၅/) ကိုင်ဆောင်ထားသူ ဖြစ်ရမည်ဖြစ်ပြီး စစ်ကောင်စီမှ အဓမ္မစစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အရွယ်ဖြစ်ရမည်ဖြစ်သည့်အပြင်  လုပ်ငန်းအဖွဲ့က စီစဉ်ချိတ်ဆက်ပေးသည့်နေရာသို့ သွားရောက်နေထိုင်နိုင်သူဖြစ်ရမည်ဖြစ်သည်။

 

ထို့ပြင် လုပ်ငန်းအဖွဲ့မှ စီစဉ်ပေးသည့် တော်လှန်ရေး(သို့မဟုတ်)ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် မိမိတတ်စွမ်းသရွှေ့ အနည်းဆုံးတစ်နှစ် တာဝန်ထမ်းရွက်လိုသူဖြစ်ရမည်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် မပါဝင်လိုပါက ရုံးလုပ်ငန်း၊ ပညာသင်ကြားခြင်း စသည့် သင့်တော်ရာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် လိုအပ်မည်ဖြစ်သည်။

 

ဓာတ်ပုံ- စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)