ရွှေပြည်သာက ပျောက်ဆုံး ကလေးငယ် တောင်းရမ်းစားသောက်သည့်အဖွဲ့အနီး ပြန်တွေ့

Author ကိုထက်
Categories
Published on Mar 13, 2024

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာကွေ့ပန်းခြံအတွင်း ယမန်နေ့က ပျောက်ဆုံးသွားသော (၅)နှစ်အရွယ်ကလေးငယ်ကို တောင်းရမ်းစားသောက်သည့်အဖွဲ့အနီး ပြန်တွေ့ပြီဖြစ်ကြောင်း We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးအသင်းထံမှ သိရသည်။

 

ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅) ရပ်ကွက်၊ ဘုံရှည်ကုန်းနေ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်သည် ယမန်နေ့ မတ်လ ၁၂ ရက် ညနေပိုင်းက ရွှေပြည်သာကွေ့ပန်းခြံသို့ မိသားစုနှင့်အတူ အလည်လာစဉ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယနေ့ မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

 

“ကလေးတွေ့တဲ့သူပြောပြတာအရတော့ တောင်းရမ်းစားသောက်တဲ့အဖွဲ့တစ်ခုက ခေါ်ယူသွားတာလို့ CCTV တွေမှာ တွေ့ရလို့ တောင်းရမ်းတဲ့အဖွဲ့တွေရှိတဲ့နေရာတွေ လိုက်ရှာလို့ ပြန်တွေ့တာ” ဟု အဆိုပါ လူမှုဘဝစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါကလေးငယ်ကို ယနေ့နံနက် ၉ နာရီ ၄၀ ခန့်တွင် အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီး တောင်းရမ်းစားသောက်နေသည့်ပုံစံဖြင့် ၎င်းနေထိုင်ခဲ့သည့် အိမ်အနီးနေထိုင်သူ အငှားယာဉ်မောင်းနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းကိုသိရှိသူတစ်ဦးက ဆိုသည်။

 

“CCTV ကနေပဲ အကုန်လုံးစုပေါင်းပြီးရှာလိုက်တာ။ ဒီမနက်ကပဲပြန်တွေ့တယ်” ဟု ပျောက်ဆုံးကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

 

ကလေးငယ်ပျောက်ဆုံးနေစဉ် အချိန်အတွင်း မိသားစုထံဖုန်းဆက်ပြီး ကလေးကိုအကြောင်းပြ ငွေလိမ်လည်တောင်းခံခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

 

“ကလေး‌ပျောက်နေတဲ့အချိန်မှာကို ပေးထားတဲ့ဖုန်းနံပါတ်တွေကို ဆက်ပြီး၊ ကလေးက ဒီမှာရှိတယ်။ ပြန်ခေါ်ချင်ရင် ပိုက်ဆံဘယ်လောက်ပေးဆိုပြီး တောင်းတာတွေရှိတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး သင်တန်းသွားစဉ် ပျောက်ဆုံးခဲ့ပြီးနောက် မတ်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြန်လည်တွေ့ရှိခဲ့သည်။