ကော့ကရိတ်မြို့ရှိ စစ်ဘေးရှောင်အိမ် ၅၀ ခန့်ကို စစ်ကောင်စီတပ်သားများ ဝင်ရောက်မွှေနှောက်ပြီးနောက် မီးရှို့ဖျက်ဆီး

Author သီရိဝင်း
Categories
Published on Mar 13, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်အိမ်များကို မတ် ၁၁ နှင့် ၁၂ ရက်တို့အတွင်း ဝင်ရောက်မွှေနှောက်ပြီးနောက် နေအိမ်အလုံး (၅၀)ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ပြောပြချက်အရ သိရသည်။

 

မတ် ၁၁ ရက်က အမှတ် ၆ ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးမှ စစ်ဘေးရှောင်နေသည့်အိမ် ၁၇ လုံးခန့်နှင့် ယမန်နေ့ မတ် ၁၂ ရက်က အမှတ် ၄ ရပ်ကွက် ဝါးလုံးချောင်ဘက်တွင် နေအိမ်အလုံး ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

 

“အခုကခိုးတာကို မကြောက်ပါဘူး။ ခိုးပြီးမီးရှို့ရှို့သွားတာကိုပဲ ကြောက်နေရတာ။ သူခိုးငယ်တွေလည်း ရှိသလို အဖွဲ့နဲ့လည်းရှိတယ်။ တွေ့ရင်လည်း မပြောရဲဘဲကြောက်နေရတာ သူတို့မှာ လွယ်အိတ်တွေပါတယ်။ အိတ်ထဲမှာလည်း ဘာတွေပါမှန်းမသိမျိုးစုံပဲ” ဟု ၎င်းက ဆိုသည်။

 

ထို့ပြင် ကော့ကရိတ်မြို့တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက KNLA ပူးပေါင်းတပ်ဖွဲ့များအထိုင်ချထားသည့်နေရာများအား မကြာခဏစစ်ကြောင်းထိုးခြင်းကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ နေ့စဉ်နီးပါးဖြစ်ပွားနေကြောင်း KNLA သတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။

 

“အခု စခတွေ တော်တော်များများသေနေကြတယ်။ သူတို့ဘက်က စစ်ကြောင်းထိုးတက်ဖို့ ညတိုင်းတိုးတယ်။ ညတိုင်း ရှေ့တန်းရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်ကြတယ်။ တက်လာသမျှပြန်ဆုတ်ပြေးတာနေ့တိုင်းပဲ။ သူတို့ဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေအားကိုးလာတယ်။ ကိုယ့်ဘက်လည်း ထိတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေရှိကြတယ်” ဟု ၎င်းက ဆိုသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ကော့ကရိတ်မြို့တွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာနေရာများသို့  စစ်ဘေးတိမ်းရှောင်နေရပြီး သုံးလကျော်ကြာတိုက်ပွဲအတွင်း ဒေသခံပြည်သူနေအိမ် ၄၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီးဖြစ်သည်။

Related News

Depend on news