ကချင်ပြည် 0307 စစ်ဆင်ရေးတွင် AA ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေ

Author ကိုထားဝယ်
Categories
Published on Mar 08, 2024

ကချင်ပြည်တွင် ယမန်နေ့ မတ်လ ၇ ရက်နေ့ကစတင်သည့် 0307 စစ်ဆင်ရေးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF တို့နှင့်အတူ ရက္ခိုင့်တပ်တော် AA သည်လည်း ပူးပေါင်းတိုက်ခိုက်ခြင်းအပြင် သီးသန့်တာဝန်ယူ ထိုးစစ် ဆင်နွှဲနေကြောင်း AA က ဆိုသည်။

 

ရခိုင်ပြည်တွင် စစ်ကောင်စီကို အပြတ်အသတ်အနိုင်ရနေသော ရက္ခိုင့်တပ်တော်အနေဖြင့် ယမန်နေ့ နံနက်အစောပိုင်းမှစတင်၍ မိုးမောက်မြို့နယ်အနီးရှိ စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၃ တပ်ရင်း၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ပွိုင့် ၆၁၁(Ntap Bum)စခန်းကုန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခဲ့သည်ဟု ဆိုသည်။

 

ယမန်နေ့ နံနက် ၆ နာရီခန့်မှစတင်၍ KIA သည် ၎င်းတို့၏ ဌာနချုပ် လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် ၉၃၆ ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းအပါအဝင် အခြားစခန်းအချို့ကို တပြိုင်နက်တည်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများအပြင် လေကြောင်းတိုက်ခိုက်မှုများ တစ်ရက်လုံးပြုလုပ်ခဲ့ရာတွင် KIO ဌာနချုပ် လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းမြို့နှင့်ထိစပ်နေသည့် တရုတ်နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု AA က ဆိုသည်။

 

ထို့ပြင် ရခိုင်ပြည်အတွင်း AA ၏ ထိုးစစ်စင်တိုက်ခိုက်များတွင် ယမန်နေ့က သိမ်းနိုင်ပြီဟုသတင်းထွက်ပေါ်လာသော ရမ်းဗြဲမြို့နယ်အပါအဝင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောတောတို့ကို ရက္ခိုင့်တပ်တော် AA အနေဖြင့် သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ယနေ့ သန်းခေါင်ယံအချိန်တွင် ထုတ်ပြန်သည်။

 

ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောတောမြို့နယ်တို့ရှိ လက်ကျန်စစ်ကောင်စီစခန်းအချို့ကို ဆက်လက်ထိုးစစ်ဆင်နေသကဲ့သို့ ရသေ့တောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တို့မှ အပြင်းအထန်ခုခံနေသော်လည်း အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ရမ်းဗြဲမြို့တိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်ကျန်အင်အားနှင့် စစ်ကူအင်အားများကို ဆက်လက်ချေမှုန်းနေသည့်အပြင် ကစဉ့်ကလျားထွက်ပြေးနေကြသူများကိုလည်း လိုက်လံတိုက်ခိုက်နေကြောင်း AA က ဆိုသည်။

 

ဓာတ်ပုံ – AA Info Desk

Related News

Depend on news