အင်မထီးရွာရှိ ပျူများကို ရိက္ခာသွားပို့သည့် စစ်ကြောင်း အတိုက်ခံရပြီး နှစ်ဦးသေ ငါးဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ပုလဲ မြို့နယ်၊ အင်မထီးရွာရှိ ပျူ(ပြည်သူ့စစ်)များကို ရိက္ခာပို့၍ ပြန်ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက အလစ်အငိုက်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးသွားကြောင်း Southern YSO PDF တာဝန်ခံခေါင်းဆောင် ကိုအောင်မောင်းက CJ Platform သို့ ပြောသည်။
ယမန်နေ့ မတ်လ ၆ ရက်နေ့ နေ့လယ် ၁နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၆၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ပြန်လှန်ပစ်ခတ်မှု ၁၀ မိနစ်သာသာ ပတ်၀န်းကျင်လောက်ပါ။ နောက်ဆက်တွဲကြားရတာတော့ ဒီကနေ့ ( မတ်လ ၇ ရက်) သက်ပျောက်ဆွမ်းတွေ သွပ်တာတွေကြားရတယ်” ဟု Southern YSO PDF တာဝန်ခံခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။
တိုက်ခိုက်မှုကြောင့် ပျူ(ပြည်သူ့စစ်)နှစ်ဦး သေဆုံးခဲ့ကြောင်း ၊ စစ်သား ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ထိုဒဏ်ရာရ စစ်သားထဲက သုံးဦးဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း Southern YSO PDF က ရဲဘော်တစ်ဦး မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ၀န်ရှိသူထံက သိရသည်။
ယင်းတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA နှင့် Southern YSO PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – Southern YSO PDF