ရွှေပြည်သာက ပျောက်ဆုံး အမျိုးသမီးငယ် ၂ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး၊ စစ်ကောင်စီဖမ်းသည့် အမျိုးသမီးငယ်ကို ကျပ်ခုနစ်သိန်းဖြင့် လာရွေးခိုင်း

Author လင်းနွေဦး
Categories
Published on Mar 07, 2024

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ မင်္ဂလာပန်းခြံတွင်နေထိုင်သူ အသက် ၂၀ အရွယ် အမျိုးသမီး မမြတ်နိုးစံသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က နေအိမ်မှ သင်တန်းသို့ထွက်သွားပြီးနောက်  ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

 

မမြတ်နိုးစံသည် မတ်လ ၅ ရက်နေ့ နံနက်အချိန် ၆ နာရီခန့်တွင် နေအိမ်မှ ထွက်ခွာခဲ့ပြီး သင်တန်းကျောင်းသို့ YBS ယာဉ်လိုင်းဖြင့် သွားရောက်ခဲ့သည်။

ထို့နောက် ၆ နာရီ ၂၅ မိနစ်ဝန်းကျင်၌ သင်တန်းမှ သူငယ်ချင်းများထံသို့ ၎င်းစီးလာသည့်ကားမှာ အချိန်ကြန့်ကြာနေသဖြင့် ကားပြောင်းစီးမည်ဖြစ်၍ အနည်းငယ် နောက်ကျနိုင်သည့်အတွက် မနက်စာမုန့်ဝယ်ထားပေးရန် သူငယ်ချင်းများဖွဲ့ထားသည့် Messenger Group အတွင်းမှ ဆက်သွယ်ပြောကြားခဲ့သည့်အကြောင်း ၎င်း ဦးလေးတော်က CJ Platform သို့ ပြောသည်။

 

“ခါတိုင်းပြန်လာမယ့် အချိန် ၁၁ ခွဲ၊ ၁၂ နာရီ ပြန်မလာလို့ ဖုန်းဆက်တဲ့အချိန်မှာ ဆက်လို့မရတော့ဘူး။ သူ့သူငယ်ချင်းတွေကို လှမ်းဆက်တော့ မနက်ကတည်းက စာပို့ထားပြီး သင်တန်းမလာတော့ ပုံမှန်ပဲ ဆိုပြီးနေနေကြတာ။ ကျွန်တော်တို့ ဖုန်းလှမ်းဆက်တော့မှ ပျောက်နေမှန်းသိတယ်” ဟု ၎င်းက ပြောသည်။

 

မမြတ်နိုးစံ၏ ဖုန်းနံပါတ်များကို မိသားစုဝင်များနှင့် သူငယ်ချင်းများက ဆက်တိုက်ဆက်သွယ်ခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် Mytel နံပါတ်သို့ဖုန်းဝင်သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။

 

ထို့နောက် Messenger Group အတွင်းသို့ ၎င်းအနေဖြင့် ခေါင်းမူးနေပြီး ဘယ်နေရာရောက်နေမှန်းမသိကြောင်း၊ ဘေးတွင် ၎င်းနှင့် မသိသော အမျိုးသမီးကြီးများ ရှိနေကြောင်း စာများကို ပုံမှန်ပြောနေကျမဟုတ်သည့်  စာလုံးပေါင်းသတ်ပုံနှင့်မတူသောအနေအထားဖြင့် မမြတ်နိုးစံမှပို့ခဲ့ကြောင်း သူမ သူငယ်ချင်းများက ပြောပြခဲ့သည်ဟု ဦးလေးတော်စပ်သူက ပြောသည်။

 

“နေ့လည် ၂ နာရီ နဲ့ ၄ နာရီ ကြားထဲထိ ဖုန်းဝင်တယ်။ မကိုင်ဘူး။ ကြားထဲမှာ သူ့သူငယ်ချင်းတွေရှိတဲ့ Group ထဲ စာတွေဝင်လာတာ။ ကားပြောင်းစီးပြီး အန်တီကြီးတစ်ယောက်နဲ့ ဝင်တိုက်တာပဲ မှတ်မိတယ်။ ဘယ်သူတွေ ဘေးမှာပါလဲဆိုတော့ ဘေးမှာ အန်တီကြီးတွေပါတယ်ဆိုတဲ့ စကားတွေရော၊ ထပ်ပြီး လှမ်းပို့တာက ကားရပ်တာနဲ့ ဆင်းပြေးမယ်ဆိုတဲ့ စကားတွေပို့ခဲ့တာ” ဟု ဦးလေးက ဆက်ပြောသည်။

 

ထိုနေ့ညနေပိုင်းမှစတင်၍ မမြတ်နိုးစံနှင့် လုံးဝအဆက်ပြတ်တောက်ခဲ့ပြီး ယနေ့အထိ အဆက်အသွယ်မရသေးသည့်အတွက် မိသားစုအနေဖြင့် အလွန်စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းက ပြောသည်။

 

လတ်တလော အသက် ၂၀ အရွယ်အမျိုးသမီးအနေဖြင့် စစ်ကောင်စီတပ်သားများ၏ ဖမ်းခံရခြင်းလော၊ မသမာသူများက ဖမ်းဆီးခြင်းလော ဆိုသည်နှင့်ပတ်သက်၍ မိသားစုဝင်များအနေဖြင့် ရေရေရာရာ မသိရှိကြသေးပေ။

 

မမြတ်နိုးစံကိုတွေ့ရှိသူများအနေဖြင့် ဖုန်းနံပါတ် 09263228008 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်သကဲ့သို့ CJ Platform သတင်းဌာန၏ Facebook(Meta)စာမျက်နှာ Chatbox ၊ Signal ၊ Telegram နံပါတ်များနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးနိုင်ပါကြောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

 

ထို့ပြင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်အတွင်းမှ အသက် ၂၀ အရွယ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးမှာလည်း ယမန်နေ့က ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံရှိ သင်တန်းကျောင်းသို့ သွားရောက်စဉ် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ၎င်းမိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

 

ထို့နောက် ယနေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ကျပ် ခုနစ်သိန်းဖြင့် လာရောက်ရွေးချယ်ရန် မိသားစုထံ အမျိုးသမီးငယ်၏ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် မိသားစုထံသို့ ဆက်သွယ်လာခဲ့ပြီးနောက် ယခုအကြောင်းအရာအား မည်သူ့ကိုမျှမပြောရန်လည်း ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

 

ရွှေပြည်သာမြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်မပြုခင်ကတည်းက လူငယ် အမျိုးသား၊ အမျိုးသမီး ပျောက်ဆုံးမှုများရှိနေခဲ့သော်လည်း ဖေဖော်ဝါရီ ၁၀ ရက် စစ်မှုမထမ်းမနေရဥပဒေအတည်ပြုလိုက်ပြီးနောက် ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှ သိရသည်။