ရန်ကုန်တွင် ‘အုန်း’သံ ညံပြီးနောက် မြို့နယ်အချို့တွင် ဧည့်စာရင်း တင်းတင်းကျပ်ကျပ် စစ်၊ ရာအိမ်မှူးလက်ညှိုးထိုးသည့်အိမ် ပိုစစ်ဟုဆို

Author ကိုထက်
Categories
Published on Mar 06, 2024

ရန်ကုန်တွင် စစ်ကောင်စီပစ်မှတ်နေရာများ ဖောက်ခွဲတိုက်ခိုက်ခံရမှု ခပ်စိတ်စိတ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံများအနေဖြင့် မြို့နယ်အချို့တွင် ဧည့်စာရင်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာကြောင်း မြိုခံများထံမှ သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် သက်ဆိုင်ရာ အပိုင်ခန့်အပ်ခံထားရသော ရာအိမ်မှူးများလက်ညှိုးထိုးညွှန်ပြသည့် နေအိမ်နှင့် အဆောင်များကို ပိုမိုစစ်ဆေးမှုများပြုလုပ်လေ့ရှိကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

 

ယခုရက်ပိုင်းအတွင်း နွေဦးတော်လှန်ရေးအတွင်း အားကောင်းခဲ့သော ရန်ကုန်က မြို့နယ်များဖြစ်သည့် လှိုင်၊ မရမ်းကုန်းနှင့် ကမာရွတ်မြို့နယ်များက ဆန္ဒပြလူငယ်များအနေများခဲ့သော ရပ်ကွက်များကို အဓိကထား၍ ညစဉ်ကဲ့သို့ ဧည့်စာရင်းစစ်ဆေးမှုများရှိနေသည်ဟု ယင်းမြို့နယ်နေသူများက ပြောသည်။

 

“အခုက ညတိုင်းနီးပါးပဲစစ်တာ။ ရာအိမ်မှူးက လက်ညှိုးထိုးတဲ့အိမ်ပဲဖြစ်ဖြစ်၊ အဆောင်ပဲဖြစ်ဖြစ် ပိုအစစ်ခံရတယ်” ဟု လှိုင်မြို့နယ်က လမ်းနှင့် အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

 

ထိုသို့ အစစ်ခံရပါက စစ်ကောင်စီတပ်ဖွဲ့များသည် ၎င်းတို့လူငယ်ဟုယူဆသူများကို အသက်မေးမြန်းပြီးနောက် စစ်မှုထမ်းဥပဒေဖြင့် ခြိမ်းခြောက်ပြောဆိုမှုများလည်း ပြုလုပ်လေ့ရှိကြောင်း ၎င်းက ပြောသည်။

 

“ရက်ကျော်ပြီး (ဧည့်စာရင်း)မတိုင်မိရင် အရင်က ‌‌ဒဏ်ကြေးက ငါးထောင်ပဲပေးရတာ။ အခုက နှစ်သောင်းလောက်ပေးရတယ်” ဟု အဆိုပါ လှိုင်မြို့ခံက မခံချိမခံသာ ပြောသည်။

 

ဧည့်စာရင်းစစ်ဆေးချိန် ဧည့်စာရင်းသတ်မှတ်ရက်ထက်ကျော်လွန်နေသည့် နေအိမ်၊ ဧည့်စာရင်း မတိုင်ထားသည့် နေအိမ်များကို တွေ့ရှိပါက ရဲစခန်းကိုခေါ်ဆောင်ပြီးနောက် နောက်နေ့ နံနက်မှ‌ ငွေဖြင့်‌ရွေးခိုင်းကြောင်း သိရသည်။

 

“ကျွန်တော်တို့ဆီ တစ်ခါမှမစစ်ဖူးဘူး။ ဟိုတစ်နေ့ကမှ ရာအိမ်မှူးက ခင်ဗျားတို့ဘက်တွေ ဒီညစစ်မယ်ဘာညာနဲ့ပြောပြီး လာစစ်တော့ နာမည်တွေခေါ်တယ်။ ၁၈ နှစ်ပြည့်ပြီးတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ ဒါတွေမေးတယ်။ ရက်ကျော်တဲ့အိမ်တွေဆို ရဲစခန်းကိုခေါ်သွားပြီး၊ မနက်မှ ‌ငွေနဲ့လာရွေးခိုင်းတာတွေရှိတယ်” ဟု မရမ်းကုန်းမြို့နယ်က ပြည်သူတစ်ဦးက ပြောသည်။

 

ယခုကဲ့သို့ ဧည့်စာရင်းများ ခပ်စိတ်စိတ်စစ်ဆေးလာခြင်းမှာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင့်သည့်အနေနှင့် မြို့ပြပျောက်ကြားအဖွဲ့များက စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအပါအဝင် စစ်ကောင်စီပစ်မှတ်နေရာများကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဆေးနေခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က Mytel ရုံးချုပ်၊ မတ်လ ၁ ရက်အတွင်း ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းအနီးရှိ လေယာဉ်ဆီတင်သင်္ဘောဖောက်ခွဲမှုတို့ကို ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့သည်။

ထို့နောက် ည ၇ နာရီကျော်ကနေ ၉ နာရီအတွင်း ရန်ကင်း၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဗုံးများ ပေါက်ကွဲခဲ့သည်။ အင်းစိန်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးသကဲ့သို့ လှိုင်သာယာပေါက်ကွဲမှုတွင်လည်း နှစ်ဦးသေဆုံးခဲ့သည်။