ကန်တော်ကျေးရွာရှိ စစ်ကောင်စီတပ် ရော့ကတ်ဒုံးဖြင့် အပစ်ခံရ

Author လဂွန်းအိမ်
Categories
Published on Mar 06, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များမှ ရော့ကတ်ဒုံးဖြင့် မတ်လ ၃ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း Cobra One တပ်ဖွဲ့ထံမှ သိရသည်။

 

ပခုက္ကူ နှင့် ပေါက်မြို့ ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင်တည်ရှိသော ကန်တော်ကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စတင်ကာ ရော့ကတ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ပစ်ခတ်ပြီးနောက် စစ်ကောင်စီမှ ပြန်လည်ပစ်ခတ်သဖြင့် တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

‘ပစ်ခက်တာတွေကတော့ rocket တွေနဲ့ပေါ့နော်၊ အလုံးရေ ၅၀ကျော်လောက် ပစ်ခတ်ခဲ့ပါတယ်၊ ရန်သူဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေ ရှိပါတယ်၊ စုံစမ်းရသလောက်ကတော့ ၅ ကောင်လောက်တော့ ထိတယ်ကြားတယ်၊ သေမသေတော့ မသိရသေးဘူး”ဟု Cobra One တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်မှ CJ Platform သို့ ပြောပါသည်။

 

ယင်းသို့ ပစ်ခတ်တိုက်ခိုက်ရာတွင် ဝေဟင်မှ ကင်းထောက်ဒရုန်းများ အသုံးပြုခဲ့ကာ ထောက်လှမ်းခဲ့ပြီး ရော့ကတ်ကျည်များမှာ စစ်ကောင်စီတပ်၏ ဘန်ကာများအနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီတပ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မူကို မြိုင်မြို့နယ် ပကဖ – rocket တပ်ဖွဲ့များ၊ COBRA ONE pakokku ၊ Tar Tay pku၊ စနေမင်း မြိုင်၊ BA Nyein နှင့် နှလုံးလှလူမိုက်တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပြီး တိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်။

 

ပခုက္ကူမြို့နယ်ရှိ ကန်တော်ကျေးရွာတွင်  စစ်ကောင်စီမှ ယမန်နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ကာ တပ်စွဲထားကာ တပ်စွဲပြီး ၁၈ ရက်အကြာတွင် ၂ ရက်ဆက်တိုက် ရွာအား စတင်မီးရှို့ဖျက်စီးခဲ့သည့်အပြင် အကြိမ်ကြိမ်မီးရှို့ခဲ့ကြသဖြင့် အိမ်ခြေ ၁၀၀ ခန့်ပျက်ပြီးနောက် ကျေးရွာရှိပြည်သူများ နီးစပ်ရာ ကျေးရွာများ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြကြောင်း သိရသည်။

 

 

Related News

Depend on news