ရန်ကုန်-မော်လမြိုင်လမ်းပိုင်း သိမ်ဆိပ်တံတား မိုင်းခွဲခံရ၊ ကားများပိတ်မိနေ

Author လဂွန်းအိမ်
Categories
Published on Feb 28, 2024

တိုက်ပွဲများကြောင့် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲများဖြစ်ပေါ်နေသော မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း သိမ်ဆိပ်ကျေးရွာအနီးရှိ တံတားတစ်စင်း ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၄ နာရီခန့်က မိုင်းခွဲဖျက်စီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

 

ယင်းတံတားမှာ လုံးဝပျက်ဆီးသွားသည့်အတွက် မော်တော်ယာဉ်များဖြတ်သန်းသွားလာမရတော့သဖြင့် ယာဉ်တန်းရှည်ကြီးဖြစ်ကာ ပိတ်မိနေပြီးနောက် အိမ်စီးကားအသေးများ ရွာလမ်းမှဖြတ်သန်းသွားကြသော်လည်း ကားကြီးများမှာ ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း  ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယာယီသဘောမျိုးသာဖြစ်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုထိခိုက်မှုမျိုးမဖြစ်ပေါ်နိုင်ဘဲ ဘေလီတံတား ထိုးပါက ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း မွန်-ကရင် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

 

“ကျွန်တော်တို့က ဒီနေ့မှတက်မှာဆိုတော့ အဲဒီဘက်မရောက်သေးတဲ့အတွက် ကားတွေဘယ်လောက်ပိတ်မိနေတယ်ဆိုတာတော့မသိဘူးဗျ။ လူနေရပ်ကွက်ဆိုတော့ မကြာပါဘူး။ ဘေလီတံတားထိုးမှာပါ။ ဘေလီတံတားကလည်း ဒီနေ့လုပ်ရင် ဒီနေ့ပြီးတယ်လေ။ ဘယ်လောက်မှ မကြာဘူး။ အဲဒီဘက် ဘေလီတံတား ထိုးပြီးရင် ကားကြီးရော၊ ကားသေးရောသွားလို့ရမှာဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှု ထိခိုက်မှာတော့မဟုတ်ဘူး။ ခဏပဲ ရပ်တန့်သွားတာမျိုးပဲရှိမှာပါ။ အခုက ကားကြီးတွေသွားလို့မရတော့ ဘေးမှာတန်းရပ်ထားတာပေါ့” ယင်းလမ်းပိုင်းကို ကျွမ်းကျင်သူလည်းဖြစ်သည့် ၎င်းက CJ Platform သို့ ပြောသည်။

 

အဆိုပါ တံတားမှာ ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်  ၁၃၅/၇ နှင့် ၁၃၆/၀ အကြားရှိ သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်ပြီး မိုးကောင်းဘုရားအနီးတည်ရှိကာ ခန့်မှန်း အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေ  ခန့်ရှိသည်။ မိုင်းခွဲဖျက်ဆီးခြင်းကို မည်သည့်အဖွဲ့က ပြုလုပ်ခြင်း၊ ထိခိုက်ပျက်ဆီးမှုများနှင့် အခြားအခြေအနေများကို CJ Platform မှ ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇွန်လနောက်ဆုံးပတ်အတွင်း မွန်ပြည်နယ်၊ သထုံနှင့် ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြ ကျေးရွာအနီး ကျုံအိတ်တံတား မိုင်းခွဲခံရမှုကို လာရောက်စစ်ဆေးသည့် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့ တိုက်ခိုက်ခံခဲ့ရပြီး စစ်တပ်ဘက်က ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးအပါအဝင် အရာရှိ ၆ ဦး ဒဏ်ရာရသည့်အပြင် ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့သည်။

 

ထို့ပြင် သထုံခရိုင်ရဲမှူးအပါအဝင် ရဲအုပ် နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အပြင် ထွေအုပ်ဝန်ထမ်းနှင့် မီးသတ်သမား စုစုပေါင်း ၃၀ နီးပါး ဒဏ်ရာများရရှိခဲ့ကြသည်။