စစ်ကောင်စီ၏ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ဆယ်ရက်တည်းနှင့် AAက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

Author လင်းနွေဦး
Categories
Published on Feb 27, 2024

ရခိုင်ပြည်၊ မင်းပြားမြို၊ကမ်းနီးရွာ အနီးရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၉)တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်( AA) မှ စစ်ဆင်ရေး ၁၀ ရက်မြောက် အကြာတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား အလောင်းများ နှင့်အတူ လက်နက် ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း  AA info Desk မှ ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် မှ အဆိုပါ တိုင်းဗဟို သင်တန်းကျောင်း ကို ယခုလ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် ခန့်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ၁၀ ရက်အကြာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၇ နာရီ ခန့်တွင် အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA မှ ဆိုသည်။

စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ခုခံတိုက်ခိုက်မှုများ အပြင် လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်ကာ ၁၀ ရက်တာ အတွင်း မရပ်မနား ခုခံခဲ့သော် လည်း ရက္ခိုင့်တပ်တော် ၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုလုံးကို လက်လွှတ်လိုက်ရခြင်းဖြစ်ကြောင်း AA info Desk ၏ထုတ်ပြန်ချက်အတွင်း ပါရှိသည်။

ထို လေ့ကျင့်ရေးစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရက်များအတွင်း စစ်ကောင်စီ မှ စစ်ကူစေလွှတ်သည့် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ ၃၆ တပ်ရင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့ အခြေစိုက် ခမရ ၃၇၃ တပ်ရင်းတို့မှ ပူးပေါင်း စစ်ကြောင်းကို ရက္ခိုင့်တပ်တော် မှ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ နှစ်ရက် အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီ တပ်သား ၈၀ ခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်း ရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ထားသည်။

Related News

Depend on news