မုံရွာမြို့ အမှတ်(၁)ရဲစခန်း အချုပ်ခန်းတွင် ကလေးငယ် (၂၀)ခန့် အပါအဝင် နိုင်ငံရေးအချုပ်သား (၂၀၀)ခန့်အား ဖမ်းဆီးထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေဟုဆို

Author ဂျွန်နသန်
Categories
Published on Feb 27, 2024

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းရှိ အချုပ်ခန်းအတွင်းတွင် အသက်မပြည့်သေးသည့် ကလေးငယ် (၂၀)ဦးခန့် ၊ နိုင်ငံရေးအချုပ်သား (၂၀၀) ဦးခန့် အပါအဝင် အချုပ်သား (၃၅၀)ဦးခန့်အား ဖမ်းဆီးထိန်းထားကာ လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေပြီး အချို့အချုပ်သားများမှာ တစ်နှစ်ကျော်ကြာမြင့်သည်အထိ အမှုစွဲတင်ခြင်း မရှိဘဲ ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ယက် PPN Myanmar ထံမှ သိရသည်။

 

အချုပ်ခန်းအတွင်း အစားအသောက်များ ပို့ဆောင်ခွင့် မရရှိဘဲ၊ အကျဉ်းထောင်များကဲ့သို့ တစ်လတစ်ကြိမ်သာ မိသားစုများနှင့် တွေ့ဆုံခွင့်၊ ဆေးဝါးကုသခွင့်များ ဆုံးရှုံးနေကြောင်း သိရသည်။

 

”အကျဥ်းသားတစ်ယောက်ကို အပြစ်ရှိတယ်လို့ မယူဆနိုင်သေးပဲနဲ့ တရားခံလို့ သူတို့(စစ်ကောင်စီရဲတပ်ဖွဲ့ဝင်)က သတ်မှတ်ထားကြတယ်။ ပြီးတော့ အကျဥ်းသားတစ်ယောက်ကို ထားတဲ့ပုံစံထက် ဆိုးဝါးတဲ့ အခန်းတစ်ခုထဲမှာ ပိတ်လှောင်ထားတာတော့ လုံးဝမလုပ်သင့်ဘူး”လို့ နိုင်ငံရေးအကျဥ်းသားများကွန်ယက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform သို့ ပြောသည်။

 

အမှတ် ၁ ရဲစခန်းတွင် တစ်နှစ်အထိ အမှုမဖွင့် ရုံးမထုတ်သေးသည့် အချုပ်သားများပင်ရှိနေပြီး အချုပ်ခန်း သုံးခုရှိသော်လည်း အချုပ်သားဦးရေမှာ များပြားနေသဖြင့် အချုပ်ခန်းပြင်ပ လျှောက်လမ်းများတွင်ပင် အချို့မှာ နေထိုင်ရခြင်း၊ အပေါ့အလေးသွားပါက ခက်ခဲမှုများရှိနေကာ ကော်ဗူးများအတွင်းတွင် အပေါ့အလေးသွားရခြင်းများ ရှိနေကြောင်းလည်း သိရသည်။

 

“ရဲစခန်းကို စားစရာပို့ခွင့် မပေးတော့ဘူး ပိုက်ဆံပဲပေးလို့ရတယ် အဲ့ဒီ့ပိုက်ဆံနဲ့ပဲ အထဲကသူက ဝယ်စားရတာ၊ ဘေးမှာက လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေရှိတယ်လေ၊ အဲဒီကနေပဲ ဝယ်စားခွင့်ပြုထားတယ်” ဟု အချုပ်သားမိသားစုဝင်တစ်ဦးမှ CJ Platform သို့ ပြောသည်။

 

အမှတ် (၁) မြို့မရဲ့စခန်းသည် ၂၀၂၁ အာဏာသိမ်းမူအပြီးတွင် အလွန်အကျွံဖမ်းစီးမူများ ပြုလုပ်ခဲ့သည့်အတွက် အချုပ်သားများပင် ထားစရာမရှိသဖြင့် အပြင်ဧည့်ဆောင်နှင့် ရဲစခန်းအတွင်းမှ အခန်းတစ်ခန်း အပါအဝင် အချုပ်အတွင်းမှ လျှောက်လမ်းများကိုလည်းတိုးချဲ့ပြီး အကျဥ်းသားများအား စုပြုံထားရှိထားသည်။

 

ဓာတ်ပုံ – Google