ပေါက်ခေါင်းတိုက်ပွဲအတွင်း သေဆုံးစစ်သားများကို နေရာတွင် တဲတိုက်များနှင့်အတူ မီးတင်ရှို့

Published on Feb 27, 2024

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ပြည်ခရိုင်တပ်ရင်း – ၃၆၀၁(PPDF) ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောသည်။

 

ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေ ၄ နာရီခန့်က ပြည်မြို့နယ် ၆၆ ခြေမြန်တပ်နှင့် ကပစ ၁၉ တို့မှ အင်၅၀ ဦးခန့်ပါ ပူးပေါင်းစစ်ကြောင်းကို ပေါက်ခေါင်းမြိုနယ်၊ လှည်းကူးအုပ်စု၊ ကိုင်းဖျားတဲစုအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ထိုတိုက်ပွဲအတွင်း သေဆုံးခဲ့သူများကို တောင်သူသုံးတဲများနှင့်အတူ မီးရှို့သွားပြီး ဒဏ်ရာရရှိသူများကို ပြန်လည်ခေါ်ဆောင်သွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

 

“သူတို့က မီးရှို့တာ တောင်သူသုံးတဲ(တဲတိုက်)တွေကိုပေါ့။ ဒဏ်ရာရသူတွေ ပြန်ခေါ်သွားတယ်။ သေတဲ့သူတွေကိုတော့ တဲတိုက်ပေါ်တင် မီးရှို့သွားကြတာ” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဒဏ်ရာရရှိသူများကို လှည်းကူးဘုန်းကြီးကျောင်းတွင်းသို့ခေါ်ဆောင်ပြီး ဆေးကုသနေသည့်အပြင် ဖလံပင်ကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးနေပြီး လမ်းတစ်လျှောက်ရှိ တောင်သူသုံးတဲများကို မီးရှို့နေသည်ဟု သိရသည်။

 

ထိုစစ်ဆင်ရေးကို ပြည်ခရိုင်တပ်ရင်း ၃၆၀၁ တပ်ခွဲ ၂၊ ရိုးမရာဇာအဖွဲ့၊ တပ်ခွဲ ၅၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃၊ ၄၊ ပေါက်ခေါင်း-ရွှေတောင် ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ထိုစစ်ကောင်စီစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် လှည်းကူးကျေးရွာရှိ နေအိမ် ၈ လုံးခန့်အပြင် ယင်းရွာအနီးရှိ တောင်သူသုံးတဲ ၂၀ ထက်မနည်းတို့ကို မီးရှို့ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၁ ထံမှ သိရသည်။

 

ယင်းစစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပေါင်းတည်မြို့နယ်က သစ်ပုတ်နှင့် လက်ပံခုန် ကျေးရွာကြားရှိ တောင်သူသုံးတဲ ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် လက်ပံခုန်ကျေးရွာရှိ နေအိမ် ၈ လုံးကို မီးရှို့ခဲ့သည့်အပြင် ယင်းကျေးရွာအနီးရှိ နွားနှစ်ကောင်ကိုလည်း လုယူသွားသည်ဟု သိရသည်။

 

ထို့ပြင် ဒုံတောင်မှ လှည်းကူးရွာသို့ တက်ရာလမ်းတစ်လျှောက်ရှိ တောင်သူတဲများကို မီးရှို့သဖြင့် ဒေသခံများ နီးစပ်ရာတောတောင်များနှင့် ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်ထွက်ပြေးခဲ့ရကြောင်း သိရသည်။