မင်းပြားရှိ အမှတ် ၉ ဗဟိုလေ့ကျင့်ရေးကျောင်းက အစိတ်အပိုင်းများစွာ AA သိမ်းပိုက်ထား၊ ရမ်းဗြဲ စစ်ကူစစ်ကြောင်း ဆက်လက်တိုက်ခိုက်မှု ၂၀ ဦးထပ်သေ  

Author လဂွန်းအိမ်
Categories
Published on Feb 27, 2024

ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ အမှတ် ၉ ဗဟိုလေ့ကျင့်ရေးကျောင်းသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသော ရက္ခိုင့်တပ်တော် AA သည် ယမန်နေ့က အစိတ်အပိုင်းများစွာ သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

 

ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်းဟုလည်းခေါ်ဆိုကြသည့် ယင်းသင်တန်းကျောင်းကို AA အနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်အထိ တိုက်ပွဲများ ဆက်လက်ဆင်နွှဲလျက်ရှိရာ ယင်းသင်တန်းကျောင်း၏ အစိတ်အပိုင်းများစွာကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

 

စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေသော်လည်း သင်တန်းကျောင်းတစ်ခုလုံးအပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ထိုထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထို့ပြင်စစ်ကောင်စီက ရမ်းဗြဲမြို့သို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်၍ ရဟတ်ယာဉ်လေးစီးဖြင့် စေလွှတ်ပေးခဲ့သော အင်အား ၁၂၀ ပါ စစ်ကူစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄၊ ၂၅ ရက် AA ၏ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆၀ ဦးကျော်သေဆုံးခဲ့ပြီး ၂၆ ရက်နေ့တွင် ၂၀ ဦးကျော်ထပ်မံသေဆုံးခဲ့သည့်အတွက် စုစုပေါင်း စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုများအတွင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့သည်။

Related News

Depend on news