စစ်ကိုင်းမြို့နယ်အတွင်းရှိ NUG လမ်းညွှန်ချက်ဖြင့် ဖွင့်လှစ်ထားသည့် မြေပြင်စာသင်ကျောင်းများတွင် သင်ထောက်ကူပစ္စည်းများ လိုအပ်နေ

Author မင်းထက်
Categories
Published on Feb 23, 2024

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)   ပညာရေးဝန်ကြီးဌာန လမ်းညွှန်ချက်ဖြင့်  မြေပြင်အခြေပြု အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ထားပြီး ယင်းစာသင်ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ၊ အမိုးအကာများ လိုအပ်နေကြောင်း ဒေသခံကျောင်းများ၏ တာ၀န်ရှိသူများထံမှ သိရသည်။

 

ကျောင်းအဆောက်အဦးလေးတွေက အပေါ်က မိုးကာမိုးတယ် ၀ါးခြမ်းတွေခံပြီး လုပ်ပေးထားတာပေါ့ အဲ့တာလေးတွေကလည်း ပြန်လည်ပြင်ဖို့ရပေါ့နော် နောက်ပြီးတော့ အထက်တန်းအတွက် ကျောင်းဆောင်တိုးဖို့ရာရယ် လက်ရှိရှိနေတဲ့အဆောင်တွေ ပြင်ဖို့ရာ အနေအထားရှိပါတယ်ဟု စစ်ကိုင်းမြို့နယ်အတွင်းက မြေပြင်ကျောင်းတစ်ကျောင်းမှ  ကျောင်းတာ၀န်ခံ ဆရာဖြစ်သူ ကပြောသည်။

 

ထို့အပြင် ကျောင်းသုံး ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ် လိုအပ်ချက်များ သင်ထောက်ကူပစ္စည်းများ လိုအပ်ချက်များရှိနေသည်။ ကျောင်းသားအင်အားများသောကြောင့်  ဆရာ၊ဆရာမများနှင့်အတူ မျှဝေသုံးစွဲနေရသော ယင်လုံအိမ်သာ လိုအပ်ချက်များပါ ရှိနေကြောင်း ၄င်းက ဆက်လက်ပြောသည်။

 

မြေပြင်အခြေပြုကျောင်းအချို့တွင် ကျောင်း၏ လိုအပ်ချက်များ အထောက်ကူပြုစေရန် ကျောင်းသားများထံမှ အထိုက်အလျောက် အလှူငွေ ကောက်ခံခြင်းများလည်းရှိကြောင်း ထိုရရှိသော ငွေကြေးများဖြင့် ကျောင်းအကြိုအပို့ယာဥ်များအတွက် ဆီအသုံးစရိတ် ကျောင်းသုံး မြေဖြူနှင့် ဗော်လန်တီယာ ဆရာဆရာမများအတွက် ပါ ထောက်ပံ့မှု အနည်းငယ် ပြုလုပ်နေကြောင်း သိရသည်။

 

မြို့နယ်ကတော့ ထိုက်သင့်အလျောက်တော့ ထောက်ပံ့ပေမယ့်လည်း ကျောင်းကလည်းများ ကျောင်းသားအင်အားလည်းများတော့ လုံလုံလောက်လောက်တော့ မရှိဘူးပေါ့ဟု စစ်ကိုင်းမြို့နယ်အတွင်းရှိ NUG မြေပြင်ကျောင်းမှ ဆရာတစ်ဦးက ပြောသည်။

 

ဒေသတွင်း ကျောင်းများ၏ တည်နေရာကို လုံခြုံစိတ်ချရသော နေရာများတွင် ရွေးချယ်ထားသော်လည်း စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကို အမြဲစိုးရိမ် နေကြရကြောင်း ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့များကလည်း ကာကွယ်စောင့်ရှောက်ထားသည့် အပြင် အရေးပေါ် အသုံးပြုနိုင်ရန် ဗုံးခိုကျင်းများထားရှိကြောင်း ဒေသခံများနှင့် မြေပြင်ကျောင်း တာဝန်ရှိသူများထံကသိရသည်။

 

စစ်ကိုင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၇၀ကျော်ရှိပြီး စစ်ကောင်စီလက်ခံတပ်သားများက မကြာခဏ စစ်ကြောင်းထိုးခြင်းများ ပြုလျှက်ရှိနေသော်လည်း NUG မြေပြင်ကျောင်း ၁၀၀ နီးပါးထိ ဖွင့်လှစ်ထားနိုင်ကြောင်း သိရသည်။