ကော့ကရိတ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် ရှို့မီးကြောင့် နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ရပြီး မီးလောင်မှုကို ကူညီရန်သွားသည့် ပြည်သူနှစ်ဦး သေနတ်ဖြင့် အပစ်ခံရ

Author သီရိ
Categories
Published on Feb 23, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၁၁နာရီခန့်က ရှို့မီးကြောင့် နေအိမ်များ မီးလောင်ကျွမ်းနေစဉ် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခြင်းကြောင့် နေအိမ်အချို့ ထပ်မံ မီးလောင်ပျက်စီးခဲ့ရပြီး မီးလောင်မှုကို ကူညီရန် သွားရောက်သည့် ပြည်သူနှစ်ဦးမှာလည်း သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

ကြာအင်းကုန်းကွက်သစ် (အမှတ်(၄)ရပ်ကွက်)နှင့် တံတားဦး(အမှတ်(၇) ရပ်ကွက်)တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ခိုးဆိုးလုယက်သူများကြောင့် မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပွားနေသည်။

မီးလောင်ကျွမ်းနေစဉ် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ခလရ (၉၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အမှတ် (၄) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီးနောက် ထပ်မံ မီးလောင်ကျွမ်းခဲ့ကာ ည ၁၀နာရီခန့်မှာ မီးငြိမ်းသွားခဲ့ပြီး နေအိမ် တစ်ရာဝန်းကျင် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

“အမှတ် (၄) မှာ စလောင်တုန်းကရှို့မီးပဲ သူစလောင်တာက တိုက်ပွဲဘာမှမဖြစ်ဘူးလေ တိုက်ပွဲမဖြစ်ဘဲ လောင်သွားတာ ရပ်ကွက်(၄)နဲ့(၇)ကကပ်နေတော့ လေဝှေ့ပြီးတော့ ဆက်လောင်သွားတာ အခြေနေကမကောင်းတော့ အဲ့ဘက်ခြမ်းတွေဝင်မရဘူး တိုက်ပွဲ ကညနေ၅နာရီမှာ တစ်ခါဖြစ်တယ် ခဏပါပဲ အဲ့မှာလက်နက်ကြီးပစ်တော့၊ မီးထပ်လောင်ပြန် ည၁၀နာရီလောက်မှ ငြိမ်းတယ် အိမ်ခြေကတော့ ၁၀၀ထပ်မနည်းပဲ”ဟု မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက ပြောသည်။

 

ထို့အပြင် မီးလောင်ကျွမ်းမှုကို ကူညီရန်အတွက် သွားရောက် ကြည့်ရှုသူ အမျိုးသားနှစ်ဦးမှာ မည်သည့်အဖွဲ့မှ ပစ်ခတ်သည်ကို မသိရှိရသေးသည့် ကျည်ထိမှန်ကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

 

“ကိုယ့်အိမ်မီးလောင်မှာနဲ့ သူခိုးရန်ကိုကြောက်လို့ အိမ်စောင့်နေတဲ့သူတွေကတော့ ပစ်ခတ်မှုဖြစ်ရင် မြေစာပင်ဖြစ်တာပေါ့၊ ထိတားတဲ့ ဦးလေးကလည်း မီးလောင်တဲ့အိမ်တွေကို လိုက်ကြည့်ပေးနေတဲ့သူ ပစ်ခံရတာကတော့ အသေးနဲ့ပဲ ဘယ်ဘက်ကပစ်လို့ ပစ်မှန်း မသိတော့ပါဘူး”ဟု ကော့ကရိတ်မြို့ခံက ပြောသည်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့မှ အခု၂၂ရက်နေ့ထိ ဆယ်ရက်အတွင်း ရှို့မီးနှင့်စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကော့ကရိတ်မြို့တွင်း နေအိမ်၁၂၀ ဝန်းကျင်ထိ မီးလောင်ပျက်စီးခဲ့ရသည်။

Related News

Depend on news