မတ္တရာမြို့နယ်ရှိ စစ်ဘေးရှောင်များ လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ အရေးပေါ်လိုအပ်

Published on Feb 22, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများတွင် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ရက်နေ့ မှ စတင်ကာ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး အခြေချ တပ်စွဲထားသောကြောင့်  ဒေသခံများမှာ ယနေ့ အချိန်ထိ စစ်ဘေးတိမ်းရှောင်နေရပြီး ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း သတင်းရရှိသည်။

 

မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ   ကင်းကျေးရွာ၊ ကျောက်ဆည်လေးကျေးရွာ၊ ငါးလုံးပြွန်ကျေးရွာ ၊ရှမ်းကျေးရွာ ၊မြောင်းဦးကျေးရွာ ၊ကျပ်ပြင်ကျေးရွာများတွင် စစ်ကောင်စီဘက်မှ နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများမှာ ကျေးရွာများအတွင်း မနေရဲကြတော့ပဲ ဘေးလွတ်ရာများသို့ တိမ်းရှောင်နေကြရသည်။

စစ်ဘေးရှောင် ဦးရေ၈၀၀ ခန့်မှာ ပုံမှန်ရှိနေသော လူဦးရေဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာမှုပေါ် အခြေခံ၍ အတိုးအလျော့ရှိသည်ဟု မတ္တရာသတင်းတာဝန်ခံမှ CJ Platform  သို့ပြောသည်။

 

“စကစဘက်ကတော့ နေ့ရက်ဆက်တိုင်းလိုလို စစ်ကြောင်းထိုးနေတာမျိုးတွေ ရှိပါတယ်ဗျ၊ အခုလောလောဆယ်တော့(၁)ကြိမ်ပါပဲခင်ဗျ ဒီ (၁)ကြိမ်ကလည်း(၄)လနီးပါးကြာမြင့်နေပါပြီ ကျန်းမာရေးကိုတော့ ကျွန်တော်တို့ဘက်မှ တာဝန်ထမ်းဆောင်နေတဲ့ ဆေးပညာတက်ကျွမ်းသူ (သူနာပြု)နဲ့ စောင့်ရှောက်မှု ပေးထားပါတယ်ခင်ဗျ သူတို့အတွက် ဆေးဝါးနဲ့ရိက္ခာက အဓိက လိုအပ်နေပါတယ် ရိက္ခာအတွက် လိုအပ်ရင် လိုအပ်သလို ဒေသထွက်အသီးအနှံတွေကို ရှာဖွေချက်ပြုတ်ကျွေးရတာမျိုး ရှိပါတယ်ခင်ဗျ” ဟု ယင်းတာဝန်ခံမှ ပြောသည်။

 

ထို့ပြင် မတ္တရာမြိုန့ယ် အနောက်ခြမ်းရှိ ဆောက်ခြုံပေါက်နှင့် အောက်တောင်ကိုင်းရွာများကိုလည်း ဖေဖေါ်ဝါရီ ၁၅ရက်နေ့မှ စတင်ကာ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများမှာ စ်စဘေး တိမ်းရှောင်နေရသည်။

 

“ကျန်းမာရေးကတော့ ရောက်ပြီးနောက်တစ်ရက်မှာ အားလုံးကို အရပ်ကဆရာနဲ့ ဆေးကုသပေးပါတယ်၊ မိသားစုဝင် တော်တော်လေး များပါတယ်ဗျ အခု နေထိုင်စရာစားစရာကတော့ အဆင်ပြေအောင် လုပ်နေပါတယ်ဗျ၊ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျွန်တော်တို့တာဝန်ယူပြီး ကျွေးမွေးနေပါတယ် ရိက္ခာနဲ့ ဆေးဝါး လိုအပ်ပါတယ် ဆေးဝါးအဆင်သင့်ရှိရင် ကုသပေးနိုင်မဲ့ ဆရာဝန်ရှိပါတယ် ကူအညီတွေ အများကြီးလိုအပ်နေပါတယ် အဆင်ပြေအောင် အားလုံးဆောင်ရွက်နေပါတယ်ဗျ ဆေးဝါးနဲ့ရိက္ခာ အဓိက လိုအပ်နေပါတယ်” ဟု  ယင်းစစ်ဘေးရှောင်ကူညီနေသူမှ CJ Platform သို့ပြောသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်း နေ့တိုင်းလိုလို ထိုးနေသောကြောင့် စစ်ရှောင်ဦးရေ တိုးပွားလာသည့်အပြင် မတ္တရာအနောက်ခြမ်းရွာများတွင် စစ်ရှောင်များ ပျံ့ကျဲနေပြီး အတိအကျ စာရင်းကောက်ယူရန် ခက်ခဲနေသည်။

 

စစ်ရှောင်များထဲတွင် ဒူးနာ၊ ခါးနာ၊ ရိုးရိုးအဖျား၊ အထက်လှန်အောက်လျော တုတ်ကွေး၊ နှာစီး၊ ခေါင်းကိုက်ရောဂါများ အဖြစ်များပြီး မေးခိုင်ပိုးကာကွယ်ဆေးများလည်း လိုအပ်နေသည်။

 

မတ္တရာမြို့နယ်တွင် စစ်ရှောင်ဦးရေစုစုပေါင်း တစ်ထောင်ဝန်းကျင်ခန့် ရှိနေပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့ ညကလည်း စစ်ရှောင်ကလေးငယ်တစ်ဦး အထက်လှန်အောက်လျှောကြောင့် အရေးပေါ်ဖြစ်ကာ နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။