ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအသစ် ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာ

Published on Feb 20, 2024

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျင်းပသော ကောင်စီအစည်းအဝေးမှတစ်ဆင့် အသစ်ပြန်လည်ဖွဲ့စည်းကာ အတည်ပြုလိုက်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

 

ယင်းသို့ဖွဲ့စည်းရာတွင် ICNCC Fact-finding အဖွဲ့၏ ၃ လကြာ အချက်အလက်များ စုဆောင်းကာ ICNCC Reform Committee တွင် တစ်လကြာ ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အသစ်ပြန်လည်ဖွဲ့စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ နိုင်ငံ‌ရေးပါတီများ အစုအဖွဲ့တွင် တစ်မြို့နယ်လျှင် တစ်ပါတီလျှင် တစ်ဦး၊ မြို့နယ် နှင့် ဒေသကိုယ်စားပြုအစုအဖွဲ့တွင် မြို့နယ်ကိုယ်စားပြု ၃ ဦး နှင့် မျိုးနွယ်စု/ဒေသ ကိုယ်စားပြု တစ်ဦး၊ CDMers အစုအဖွဲ့တွင် တစ်မြို့နယ်လျှင် ၂ ဦး၊ အရပ်ဖက်ဆိုင်ရာအစုအဖွဲ့တွင် တစ်မြို့နယ်လျှင် ၂ ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့တွင် တစ်မြို့နယ်လျှင် ၃ ဦး၊ ကာကွယ်ရေးအစုအဖွဲ့တွင် မြို့နယ်ကိုယ်စားပြု ၃ ဦး နှင့် မျိုးနွယ်စု/ဒေသကိုယ်စားပြု ၁ ဦး ဟူ၍ အစုအဖွဲ့ ၇ ခုဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

 

ICNCC အနေဖြင့် ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန် ဧပြီလ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် သဘောထားကွဲမှုများ ဖြစ်ပေါ်လာကာ ၂၀၂၃ ဒီဇင်ဘာ ၇ ရက်နေ့တွင် Chinland Council တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြီးနောက် ယင်းအဖွဲ့နှစ်ခုမှ ချင်းအစိုးရအားဖွဲ့စည်းရန် အသီးသီး ကြေညာချက် ထုတ်ပြန်ထားသည်။

 

ထိုသို့ကြေညာချက်များ အပြန်အလှန်ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ခဲ့ကြရာ Chinland Council မှ ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချင်းပြည်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာခဲ့သော်လည်း ICNCC မှ ကန့်ကွက်ကြောင်းကြေညာခဲ့သေးသည်။

 

ICNCC ၏ လူမှုကွန်ရက်စာမျက်နှာ၌  Chinland Council မှ ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာသည့်နောက်နေ့တွင် ICNCC ၏ လိုဂိုအမှတ်အသားများ ပြောင်းလဲထားခဲ့သည်ကို တွေ့ရှိရပြီးဖြစ်ပြီး ICNCC Fact-finding အဖွဲ့ကို မည်သည့်အချိန်တွင် ဖွဲ့စည်းခဲ့သည်ကို ကြေညာချက်များတွင် တွေ့ရှိရခြင်း မရှိသကဲ့သို့ ICNCC Reform Committee  ဖွဲ့စည်းထားခြင်းကိုလည်း မတွေ့ရှိပေ။

 

ICNCC ၏ ယခင်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ CJ Platform မှဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။