ပျူစောထီးများ အထိုင်ချထားသည့် ရေးမြို့နယ်ရှိ ခံသင်းတံတားဂိတ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

Author သီရိ
Categories
Published on Feb 20, 2024

မွန်ပြည်နယ် ၊ရေးမြို့နယ် ၊အာယုတောင်ကျေးရွာနှင့် စုံနံ့သာကျေးရွာအကြားရှိ ခံသင်းတံတားတွင် ဂိတ်အထိုင်ချထားသော စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့ နံနက် ၈နာရီဝန်းကျင်အချိန်တွင်  ရေးဘီလူးအဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ကြေင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ CJ Platform သို့ ပြောသည်။

 

ခံသင်းတံတားဂိတ်ကို ဝင်ရောက်ပစ်ခတ်ချိန်တွင် ဂိတ်ကြေးကောက်ခံသည့် ပျူစောထီးတပ်သား လေးဦးကို ပိုင်ပိုင်နိုင်နိုင်ပစ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၆၀မမ၊ ၈၀မမများ ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

 

“ကျွန်တော်တို့ ခံသင်းတံတားဂိတ်စခန်းကို ဝင်တိုက်ခိုက်တယ်၊ အဲ့ဒီအချိန်မှာ ပိုက်ဆံကောက်နေတဲ့ တပ်သား၄ဦးကို အပိုင်ပစ်နိုင်ခဲ့တယ်၊ သေနတ်ဝင်ကောက်ဖို့ အချိန်မှာပဲ သူတို့အထဲမှာ စိန်ပြောင်းတွေ ထိုင်ထားတာရှိတယ် ၊စက်လက်တွေလည်းရှိတယ် ဘယ်လိုမှဝင်မလွယ်ဘူး အဝေးကနေ ကာပစ်ပြီးတော့ အကောင်းဆုံး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

 

ထို့အပြင် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (၅၈၇)တပ်မှ နေ့စဉ် နံနက် ၇ နာရီဝန်းကျင်အချိန်မှ နံနက်၁၀နာရီအချိန်ထိ လက်နက်ကြီးအလုံး ၃၀ခန့် ပစ်ခတ်ခဲ့ပြီး ခံသင်းတံတားမှ ပျူစောထီးတပ်သားများသည် လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးကာ ငွေကြေးတောင်းခံနေကြောင်း အာယုတောင်ရွာခံတစ်ဦးက ပြောသည်။

“အာယုတောင် ၅၈၇ကနေ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာ အချက်၃၀လောက်ရှိပြီ ၊ နီးနီးလေးပဲ ခုနေတဲ့နေရာနဲ့ ၅၈၇က ကျချင်တဲ့ နေရာကျဆိုပြီး ပတ်ပတ်လည်ပစ်နေတာ အပြင်လည်းမထွက်ရဲဘူး အခုက ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ပစ်တာ အဲ့ဒီခံသင်းတံတားဂိတ်က အသွားအလာတွေ့ရင် ဂိတ်ကြေးတောင်းတယ် ပြီးတော့လေတစ်ခါတစ်လေ လူငယ်တွေဆိုရင် အရမ်းရစ်တယ်”ဟု အာယုတောင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

 

ရေးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ၊ တပ်ဝင်းနေရာများကို နယ်မြေခံ တော်လှန်ရေးအင်အားစုမှ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး၊ ပြီခဲ့သည့် ဇန်နဝါရီလ၂၄ရက်နေ့က ခံသင်းတံတားဂိတ်မှ စုံနံ့သာရွာသို့ ဈေးလာဝယ်သည့် ပျူစောထီးတပ်ဖွဲ့ဝင်များကို ရေးဘီလူးအဖွဲ့မှ ကျေးရွာအဝင်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းကြောင့် သုံးဦးမှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။