သျှမ်းကျောင်းသားသမဂ္ဂ အလုပ်အမူဆောင်တစ်ဦးကို တပ်သားသစ်အဖြစ်စုဆောင်းခြင်းမှ ပြန်လွှတ်ပေးရန် MNDAA ထံ တောင်းဆို

Author လဂွန်းအိမ်
Categories
Published on Feb 18, 2024

သျှမ်းကျောင်းသားသမဂ္ဂ၏ အလုပ်အမူဆောင်တစ်ဦးဖြစ်သော ကိုစိုင်းညွန့်အား MNDAA(ကိုးကန့်တပ်)မှ ဖမ်းစီးကာ အတင်းအကြပ် စစ်သားအဖြစ် စုဆောင်းခံထားခြင်းကြောင့် ပြန်လွှတ်ပေးရန်ဟုဆိုကာ သျှမ်းကျောင်းသားသမဂ္ဂ( Tai Students Union) မှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

 

ကိုစိုင်းညွန့်သည် လောက်ကိုင်မြို့၌ တိုက်ပွဲများဖြစ်ပွားနေချိန်  ယမန်နှစ် နိုဝင်ဘာ လ၂၄ရက်တွင် ပိတ်မိနေခဲ့ပြီး အခြားစစ်ဘေးရှောင်များနှင့်အတူ နေရပ်သို့ လမ်းလျှောက် ပြန်လာခဲ့ရာမှ ပါစင်ကျော်ကျေးရွာအနီး MNDAA ဂိတ်စခန်းဖြတ်ချိန်တွင်း ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

 

ကိုစိုင်းညွန်နှင့်အတူ ဖမ်ဆီးခံခဲ့ရသည် သျှမ်းလူငယ်တစ်ဦး ဇန်နဝါရီလ ဒုတိယအပတ်တွင် ထွက်ပြေး လွတ်မြောက်လာခဲ့ပြီးနောက် ယင်းလူငယ်၏ ပြန်လည်ပြောပြချက်အရ အဓမ္မတပ်သားအဖြစ် စုဆောင်းခံရခြင်း ဖြစ်သည်ကို သိရှိရကြောင်း သျှမ်းကျောင်းသားသမဂ္ဂ ဦးဆောင်ကောင်မတီအဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။

 

” သျှမ်းလူငယ်ကိုတော့ လုံခြုံရေးအရ ဘယ်သူဆိုတာ ပြောပြလို့မရပါဘူး၊ သူနဲ့အတူသွားတဲ့ သူ့သူငယ်ချင်းလိုပဲ ပြောလို့ရပါမယ်၊ ဘယ်လို ထွက်ပြေးလွတ်မြောက်လာတယ်ဆိုတာကိုလည်း ပြောလို့မရပါဘူးရှင့်၊ တိုက်ပွဲငြိမ်တော့ ပြန်လာမယ်ဆိုပြီး လမ်းလျောက်ပြန်လာတာ၊ သူရယ်နောက်ငါးယောက်ရယ် အဖမ်းခံရတာပါ”ဟု  Tai Students Union ဦးဆောင်ကော်မတီဝင် Vanda မှ CJ Platform သို့ပြောသည်။

ထို့အပြင် ကာယကံရှင်၏ ဆန္ဒမပါပဲ သေနတ်ပြပြီးမှ နေရပ်ပြန်သူစစ်ရှောင်များကို ခေါ်ယူပြီး တပ်သားအဖြစ် စုဆောင်းခြင်းဖြစ်ခြင်းကြောင့် အတင်းအဓမ္မ စုဆောင်းခြင်းသာ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စုဆောင်းခံရသူ သျှမ်းလူငယ် ၁၀၀ ဝန်းကျင်ခန့်ရှိမည်ဖြစ်ပြီး တာဝန်ရှိအဖွဲ့အစည်းများထံ ဆက်သွယ်ခဲ့ကြောင်းလည်း ဆိုသည်။

 

ထို့သို့ သျှမ်းကျောင်းသားသမဂ္ဂ အမှုဆောင်တစ်ဦးကို ဖမ်းဆီးပြီး စစ်သားစုဆောင်းသည့်အပေါ် သက်ဆိုင်ရာ MNDAA ထံ နှစ်ကြိမ်တိုင်တိုင် စာပို့တောင်းခံခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အပြင် အမည်မဖော်လိုသည့် ကြားခံအဖွဲ့အစည်းများဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အတည်ပြုပြောကြားနိုင်ရန် MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံ CJ Platform မှ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

 

သျှမ်းကျောင်းသားသမဂ္ဂကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် သျှမ်းကျောင်းသား သွေးစည်းညီညွတ်ရေးကို ဦးတည်လျက် ပြည်သူလူထုအရေး ဆောင်ရွက်ရန် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ အာဏာသိမ်းကာလများတွင်လည်း တက်ကြွစွာပါဝင်လှုပ်ရှားကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ ကိုစိုင်းညွန့်သည်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။

 

TSU ၏ ဦးဆောင်ကော်မတီဝင်တစ်ဦးမှလည်း တော်လှန်ရေးကာလအတွင်း ရေရှည်အတွက်ကြည့်ကာ အဓမ္မဖမ်းဆီးသွားသည့် လူငယ်များကို လွှတ်ပေးရန် တောင်းဆိုချင်ကြောင်း CJ Platform အားမှတ်ချက်ပြုထားပြီး ကိုစိုင်းညွန့် အပါအဝင် သျှမ်းလူငယ်များကို အဓမ္မစစ်သားသစ် စုဆောင်းခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် MNDAAအနေဖြင့် ဒေသတွင်းလူမျိုးများစည်းလုံးရေး၊ ဘုံရန်သူချေမူန်းရေးကို ရှေးရူပြီး အဓမ္မစစ်သားစုဆောင်းထားသည့် လူငယ်များ ပြန်လွတ်ပေးရန် တောင်းဆိုကြောင်း  ထုတ်ပြန်တောင်းဆိုထားသည်။

Related News

Depend on news