မြေရှားသတ္တုတူးဖော်မှု ဆန္ဒပြခေါင်းဆောင်အချို့ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူဆို

Author လင်းနွေဦး
Categories
Published on Feb 18, 2024

ကချင်ပြည်နယ်၊အထူးဒေသ(၁) ပန်းဝါဒေသ၊ ချီဖွေမြို့နယ် ၊ဖရဲရွာအနီးရှိ မြေရှားသတ္တုတူးဖော်ခြင်းကို ဆန္ဒပြကန့်ကွက်သည့် ဒေသခံများအနက် အကုန်နီးပါး ပြန်လွှတ်ပေးခဲ့ပြီး ဆန္ဒပြခေါင်းဆောင် အချို့ကို ဆက်လက်ထိန်းသိမ်းကာ မေးမြန်းမှုများ ပြုလုပ်နေဆဲဖြစ်တယ်လို့ ကချင်လွပ်လပ်ရေးတပ်မတော် (KIA)ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူမှ CJ Platform သို့ အတည်ပြုပြောကြားသည်။

 

ဖရဲကျေးရွာမှ မြေရှားသတ္တု တူးဖော်ခြင်းကို ကန့်ကွက်သည့် ဒေသခံ ၅၀ ကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကြာသပတေးနေ့တွင် KIA က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခဲ့သူအားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့သော်လည်း ခေါင်းဆောင်အချို့ကို ဆက်လက်ထိန်းသိမ်းကာ မေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

 

“ပြည်သူလူထုနဲ့လည်း သဘောတူညီမှုရရှိပြီးသားပေါ့။ ဒါမဲ့ခုလူထုက ဆန္ဒပြနေတာ၊ ဘာကြောင့်ပြတယ်ဆိုတာ မသိရသေးပါဘူး။ ဖမ်းထားတဲ့ ဆန္ဒပြသူအများစုကို တော့ပြန်လွှတ်ပြီးပြီ။ ခေါင်းဆောင်ပိုင်းအချို့သာ ကျန်ရှိပြီး စစ်ဆေးရေးတွေလုပ်နေတယ်လို့ ကြားရပါတယ်”လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက CJ Platform သို့ ပြောသည်။

 

CJ Platform အနေဖြင့် လက်ရှိ ဖရဲဒေသခံများကို အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းမှုများ လုပ်ဆောင်ခဲ့သော်လည်း နယ်မြေဒေသအခြေအနေ၊ ဖုန်းလိုင်း အခက်အခဲများကြောင့် အဆင်မပြေ ကြန့်ကြာမှုများ ရှိနေခဲ့သည်။

 

ကချင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် မြစ်ကြီးနား သတင်းဌာန၏ သတင်းဖော်ပြချက် တစ်ခုတွင် ဒေသခံများအနေဖြင့် ယခင်ကတည်းက ယခုတူးဖော်မှု လုပ်ငန်းအပေါ် ကန့်ကွက်ခဲ့ကြကြောင်း ယခုတစ်ကြိမ် တူးဖော်မှုနေရာသည် ဖရဲဒေသခံများ၏ ရေသောက်မြစ်ဖြစ်သည့် ချောင်းထိပ်လည်း ဖြစ်ခြင်းကြောင့် ကန့်ကွက်ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

“သက်ဆိုင်ရာလူကြီးတွေကတော့ ပြည်သူလူထုရဲ့သောက်ရေ မြစ်ဖျားခံတဲ့ နေရာမဟုတ်ဘူးလို့ပြောတယ်။ သူတို့လူထုတွေသုံးတဲ့ ချောင်းတစ်ချောင်းရှိတယ် အဲ့တာနဲ့တော့ မလွတ်ဘူးပြောတယ်။ ခုသူတို့စမ်းသပ် တူးဖော်နေတဲ့ နေရာကတော့ အဲ့ရွာလူထု သုံးတဲ့စမ်းချောင်းမဟုတ်ဘူး”ဟု CJ Platform မှ  ဒေသခံများ၏ သောက်သုံးရေ အရင်းအမြစ်ထိခိုက်မှု ရှိနေသည်ဟု သတင်းများထွက်ပေါ်မှုအပေါ် မေးမြန်းချက်အား ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောသည်။

 

ထို့အပြင် ဒေသခံများအတွက် သောက်သုံးရေရရှိရေး ရေတွင်းတူးပေးခြင်း၊ ပိုက်များဖြင့်ရေသွယ်ပေးခြင်းများကိုလည်း လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ထပ်လောင်းပြောသည်။

 

KIA မှ တရုတ်ကုမ္ပဏီများနှင့် ဖက်စပ်စီမံကိန်းအဖြစ် လက်ရှိတူးဖော်နေတဲ့ မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့အဓိက တင်ပို့ထုတ်လုပ်ပြီး လျှပ်စစ်မော်တော်ယာဉ်(EV)များ ထုတ်လုပ်ရာတွင် အသုံးပြုကြောင်း၊ မြေရှားသတ္တု ၁၇ မျိုးရှိသည့်အနက် ကချင်ပြည်နယ်မြောက်ပိုင်းဒေသမှ ထွက်ရှိသည့် ဒိုင်စပရိုဆီယမ်(Dysprosium) အမျိုးအစားနဲ့ တာဘီယမ် (Terbium)အမျိုးအစား မြေရှားသတ္တု ဒြပ်စင် နှစ်မျိုးမှာ လျှပ်စစ်မော်တော်ယာဉ်များသာမက အဆင့်မြင့် စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရာတွင်လည်း အထူးအရေးပါကြောင်း သိရသည်။

 

မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ကရိယာများနှင့် ဓာတုပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေရုံသာမက ဒေသခံများ၏ ကျန်းမာရေး ဆိုးရွားမှုများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မှ စတင်ကာ မြေရှားသတ္တု တူးဖော်ရန် စမ်းသပ်မှုများ လုပ်ဆောင်မည်ဟု သတင်းများထွက်ပေါ်ချိန်စဉ်ကတည်းက လိုင်ဇာရှိ KIA ဌာနချုပ်သို့ ဒေသခံဖရဲလူထုမှ စာပို့ ကန့်ကွက်ခြင်းများ လုပ်ဆောင်ခဲ့ဖူးသည်။

 

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူမှ ဒေသခံများနှင့် ထိုစဉ်အချိန်ကတည်းက ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဒေသပြည်သူဖွံ့ဖြိုးမှုအတွက်ကို ဦးတည်ပြီး ကချင်လွပ်လပ်ရေးအဖွဲ့အစည်း (KIO)အကျိုးစီးပွားအတွက် မဟုတ်ကြောင်း ပြောသည်။

 

“လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းတံတားဆောက်လုပ်မှုတွေ၊ ပညာရေးအတွက် ကျောင်းဆောက်လုပ်မှုတွေ ၊လူထုနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ လုပ်ငန်းစီမံကိန်း မစတင်ခင်ကတည်းက သဘောတူ ဆွေးနွေးထားတာရှိပါတယ်။ မိသားစုတိုင်းကိုလည်း ငွေသားတွေပေးမယ်ဆိုပြီး ညှိနှိုင်းထားတာရှိပါတယ်။ အကျိုးအမြတ်က KIO ရဲ့ဝင်ငွေအတွက်မဟုတ်ပါဘူး။ ၇၀ ရာခိုင်နှုန်းက ပြည်သူလူထုအတွက်ပါ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

 

ဖရဲဒေသခံလူထု ဘက်မှလည်း လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး အောက်ခြေက လုပ်ရပ်များကို KIO ဌာနချုပ်ရှိ သက်ဆိုင်ရာလူကြီးများ အနေဖြင့် အမြန်ဆုံးလာရောက် ဖြေရှင်းပေးရန် တောင်းဆိုမှုများ အပြင် ဒေသတွင်းရှိ ရေ၊မြေ၊တော၊တောင်များနှင့် စိုက်ပျိုးမြေများ ပိုမိုမပျက်စီးမီ အမြန်ဆုံးလာရောက် တားဆီးပေးရန် တောင်းဆိုမှုများ လုပ်နေကြကြောင်း ကချင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့်  မြစ်ကြီးနားသတင်းဌာနတွင် ဖော်ပြထားသည်။

 

၂၀၂၃ ခုနှစ် မေလအတွင်း မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခြင်းကြောင့် ဒေသခံလူငယ် ၃ ဦး ယာယီဖမ်းဆီးချုပ်နှောင်ခံခဲ့ရသလို အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း သတ္တုတူးဖော်ရေးကို ကန့်ကွက်ဆန္ဒပြသည့် ဒေသခံ အယောက် ၃၀ ကျော်ကို KIA ကဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

စစ်ကောင်စီအာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် မှ စတင်ကာ တရုတ်နိုင်ငံသို့ မြန်မာ့မြေရှားသတ္တုတင်ပို့မှု ပိုမိုမြင့်တက်လာခဲ့ပြီး တရုတ်အခွန်အကောက်ဦးစီးဌာန၏  ၂၀၂၃ ခုနှစ် အကောက်ခွန်စာရင်းအရ မြေရှားသတ္တုနှင့်ဆက်စပ်သတ္တုများ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် တန်ဖိုးရှိခဲ့ပြီး ယခုနှစ်တွင် ထို့ထက်ပိုမိုများပြားနိုင်ကြောင်း မြန်မာနိုင်ငံရှိ စီးပွားရေးပညာရှင်များက ခန့်မှန်း သုံးသပ်ထားသည်။