စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ရွှေပြည်သာတွင် လူငယ်များကို စစ်ကောင်စီတပ်သားနှင့် ပျူများ ဖမ်းဆီးငွေညှစ်

Published on Feb 17, 2024

စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် လူငယ်အများအပြား ဖမ်းဆီးငွေညှစ်ခံနေရကြောင်း မြို့ခံများထံမှ သိရသည်။

 

ရန်ကုန်မြို့ အခြားမြို့နယ်များတွင် ပြုလုပ်သကဲ့သို့ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခြင်းအပြင် ပျူစောထီး (ပြည်သူ့စစ်)များ၏ ဖမ်းဆီးငွေညှစ်မှုများကို လူငယ်များ ကြုံတွေ့နေရကြောင်း ကြုံတွေ့ခဲ့ရသူများနှင့် မျက်မြင်တွေ့သူများထံမှ သိရသည်။

 

ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းထိပ်၌ ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညဦးပိုင်းက လူငယ် (၃) ဦး ကြက်ကြော်ဝယ်နေစဉ် အုတ်ခုံတွင် ထိုင်စောင့်နေသည်ကို အိမ်စီးကားပေါ်က အရပ်ဝတ်များဖြင့် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရန်ကုန်မြို့နေ ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

 

“ ကျွန်တော်တို့ရှေ့မှာတင် ဆွဲတင်သွင်းတာ။ အဲဒီအချိန်မှာ မီးကလည်း ပျက်သွားတာနဲ့ ကွက်တိပဲ။ အဲဒါနဲ့ ကျွန်တော်တို့လည်း သုတ်ခြေတင်လာခဲ့တာ ” ဟု မျက်မြင်တွေ့ခဲ့သူ အသက် ၃၃ နှစ်အရွယ် ဆိုင်ကယ်ဘေးတွဲမောင်းသူတစ်ဦးက ပြောသည်။

 

ထို့နောက် ၎င်းတို့ကို တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းပေး၍ ပြန်လည်လွှတ်ပေးခဲ့သည်ဟု ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

 

ရွှေပြည်သာတွင် နေ့စဉ်ဆိုသကဲ့သို့ လူငယ်များ ပျောက်ဆုံးခြင်းနှင့် ဖမ်းဆီးခြင်းများလုပ်ဆောင်ခံနေရပြီး ငွေညှစ်ခံနေရသည်ဟု ရွှေပြည်သာသတင်းများ ဖော်ပြပေးနေသည့် Shwepyithar Information လူမှုကွန်ရက်စာမျက်နှာမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောကြားသည်။

 

“အဲဒီမှာ လာဖမ်းရင် တချို့ဖြစ်စဉ်တွေမှာကျတော့ ပုံမှားရိုက်တာတွေလည်းရှိတယ်။ စစ်တပ်ကလိုလိုနဲ့ လူမိုက်တွေပေါ့။ ဉာဉ့်နက်ပိုင်း ပတ်ကင်းနဲ့တိုးပြီး အဖမ်းခံရတာကျတော့ စစ်တပ်က လုပ်တာပါ။ မသင်္ကာဘူးဆိုပြီး ဖမ်းသွားတယ်။ ပြီးရင် ငွေနဲ့ပြန်ရွေးပေါ့။ စစ်တပ်က ဖမ်းတာတွေလည်း ရှိသလို စစ်တပ်အားကိုးနဲ့ ရပ်ကွက်လူမိုက်တွေ ပျူတွေပေါ့။ သူတို့ချည်း ဖမ်းပြီး ငွေညှစ်တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသော်လည်း ယခုမှာ နေရာစိပ်စိပ်တွင် ဖြစ်လာပြီး ငွေပေးလျင် ပြန်လွတ်နိုင်ပြီး၊ မပေးနိုင်ပါက မည်သို့ မည်ပုံလုပ်ဆောင်နေကြောင်းကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွှေပြည်သာမြို့နယ် စက်ရုံတစ်ခုမှ စက်ရုံဆင်းလာသူ လူငယ်အမျိုးသား အချို့ကိုလည်း စစ်ကောင်စီတပ်သားများ ဖမ်းဆီးခေါ်ဆောင်သကဲ့သို့ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းကလည်း အုတ်ဖိုကျေးရွာ၊ အမှတ် ၄ လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီးနောက် လူကို ကျပ် ငါးသိန်းနှင့် ဖုန်းကို ကျပ်နှစ်သိန်းဖြင့် စုစုပေါင်း ကျပ်ခုနစ်သိန်းဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

 

ရွှေပြည်သာတွင် ဆိုင်ကယ်များကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသကဲ့သို့ လူမိုက်(ဝါ) ပျူစောထီးများကလည်း ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုလိုက်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဖွဲ့စည်းလိုက်သည့်အပြင် သင်္ကြန်ပြီးပါက တပ်သားသစ် ငါးထောင်မှ တစ်သောင်းကြား ပထမဆုံးခေါ်ယူမည်ဟု စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်