ရသေ့တောင်၊ မောင်တောတို့ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီ ဗောဓိကုန်းစခန်းအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း AA ချေမှုန်း

Author ကေဇက်
Categories
Published on Feb 17, 2024

ရက္ခိုင့်တပ်တော်(AA)သည် ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီ ၁၅ နှင့် ၁၆ ရက်များ၌ တိုက်ခိုက်ခဲ့ရာတွင် စခန်းတစ်ခုသိမ်းနိုင်သကဲ့သို့ စစ်ကောင်စီတပ်သား (၃၀)‌ဦး‌ထက်မနည်းသေဆုံးခဲ့ကြောင်း AA ၏ ယနေ့ညသန်းခေါင် ထုတ်ပြန်ချက်အရ သိရသည်။

AA သည် စစ်ကောင်စီ၏ မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက် (၆) နာရီ ၂၀ မိနစ်ခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက် (၆) နာရီခန့်တွင် အဆိုပါစခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ဆိုသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ‌မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်း ၁၄ ဦးအပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ဆိုသည်။

 

ယင်း‌နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့၊ ပန်းတောပြင်ရွာသစ်(မူဆလင်ရွာ)အနီး ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနှင့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများရှိခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ထို့ပြင် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဘက် ၁ ဒသမ ၃ ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင် စစ်ကောင်စီ၏ ခမရ  ၅၃၆ တပ်ရင်းနှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် မိနစ် ၃၀ ခန့် နှစ်ဖက်တပ်များ အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြသကဲ့သို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းများမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းတို့မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း AA က ယနေ့ ထုတ်ပြန်သည်။

AA သည် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ (၂) ခမရ ၃၇၉၊ ၃၈၀ နှင့် ၅၄၁ တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့က ထုတ်ဖော်ပြသခဲ့သည်။