ရေးတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များကြား အပြန်အလှန်ပစ်ခတ်၊ အရပ်သား တစ်ဦးဒဏ်ရာရပြီး နေအိမ် နှစ်လုံးပျက်စီး
မွန်ပြည်နယ်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆ တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများအတွင်း အရပ်သားတစ်ဦးဒဏ်ရာရခဲ့သည့်အပြင် နေအိမ် နှစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“သိရသလောက်တော့ အဲဒီမှာ တစ်ယောက်က (လက်နက်ကြီး)အစနည်းနည်းလေးထိသွားတယ်။ အရမ်းကြီးစိုးရိမ်စရာတော့ မဟုတ်ဘူးပေါ့။ ပစ်တာကတော့ စစ်တပ်ဘက်ကနေပစ်တာပေါ့။ ၁၀၆ က ပစ်တာ။ တခြားနေရာတွေမှာ ကျတာတော့မကြားဘူး။ ကားဆိပ်ရပ်ကွက်မှာပဲ ကျပြီးတော့ အိမ်ထိတာ။ မော့ကနင်နဲ့ လမိုင်းနဲ့ကလည်း နီးနီးပါပဲ။ တစ်မိုင်လောက်ပဲဝေးတာဆိုတော့ အသံတွေကတော့ ကြားနေရတာပေါ့” ဟု လမိုင်းကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
ရေးမြို့ရှိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၃ နာရီခန့်က မော့ကနင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ အလံများကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ခလရ-၁၀၆ တပ်ရင်းကို M-79 ဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီး သုံးလုံးပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် မော့ကနင်ကျေးရွာမှ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး(မစိုးရိရ)ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် နှစ်လုံးပျက်စီးခဲ့ကြောင်း မော်လမြိုင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံရဲဘော်ရန်နိုင်က CJ Platform သို့ ပြောသည်။
“ကျွန်တော်တို့အဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီးတော့ မော့ကနင်ရွာကိုဝင်တယ်။ ပြီးတော့ ရုံးရှေ့က စကစအလံတွေကို မီးရှို့တယ်။ ပြီးတော့ ခလရ ၁၀၆ နားကို တက်ပြီးတော့ နှစ်ဖက်ထိတွေ့မှုနည်းနည်းလေးပါပဲ။ ကျွန်တော်တို့ဘက်က M-79 တစ်လုံးပစ်တယ်။ တပ်ရင်းရှေ့မှာ ကျတယ်။ သူတို့က သုံးလုံးပြန်ပစ်တယ်။ အိမ်နှစ်လုံးထိတယ်။ အရပ်သားတစ်ဦးကတော့ ရင်ဘတ်မှာ အစထိတယ်။ မစိုးရိမ်ရဘူး” ဟု ရဲဘော် ရန်နိုင်က ပြောသည်။
ယခုဖေဖော်ဝါရီလတစ်လအတွင်း ရေးမြို့နယ်တွင် နေ့စဉ်နီးပါး မကြာခဏ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၁၀၆ တပ်ရင်းရှိ ဗဟိုကင်းတဲကို နယ်မြေခံတော်လှန်ရေးအင်အားစုမှ MA−10 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်ကိုထိမှန်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။