စားအုန်းဆီဈေးတွေ မြင့်တက်လာ
အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအဓိကသုံးစွဲတဲ့ ရန်ကုန်မြို့က စားအုန်းဆီဈေးကွက်အတွင်း ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာနေတယ်လို့ ရောင်းချသူတွေနဲ့ စားသုံးသူတွေဆီက သိရပါတယ်။
မူရင်းဈေးဖြစ်တဲ့ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းရဲ့ ရည်ညွှန်းဈေးတွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တောက်လျှောက်မြင့်တက်လာတာကြောင့် သမစနစ်လို စာအုပ်နဲ့ထုတ်ယူရတဲ့ဈေးနဲ့ ပြင်ပမှောင်ခိုဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဈေးက ရှေ့တစ်ပတ်သွားထုတ်တုန်းကတော့ ၈၀၀၀၊ အခုအခေါက်က ၈၅၀၀၊ ၉၀၀၀ လောက်ဖြစ်နေပြီ။ အပြင်ဈေးကတော့ ကျွန်မတို့ဘက်မှာ တစ်ဆယ်သား ၁၄၀၀၊ ၁၅၀၀ လောက်ရှိတယ်။ တစ်နေ့နဲ့ တစ်နေ့တောင်ဈေးက မတူဘူး” လို့ လှိုင်မြို့နယ် ၁၅ ရပ်ကွက်က စာအုပ်နဲ့ဆီဝယ်ယူစားသုံးနေရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီထုတ်ပေးတဲ့ စာအုပ်နဲ့ ၁၀ ရက်တစ်ခါထုတ်ရပေမဲ့ တစ်ခါတစ်ရံ ၁၅ ရက်တစ်ခါထုတ်ရတာမျိုးလည်းရှိတယ်လို့ သူမက ပြောပါတယ်။
ဒါ့အပြင် ပြင်ပစားဆီဈေးကွက်အတွင်း တစ်ပိဿာကို ကျပ် ၁၆,၀၀၀ ကနေ ၁၇,၀၀၀ အထိ ဈေးမြင့်တက်လာတယ်လို့ မြောက်ဥက္ကလာပမြို့နယ် စားဆီရောင်းချသူတစ်ဦးက ပြောပါတယ်။
“ဒီမှာကတော့ ကုန်စုံဆိုင်တိုင်းလိုလို ဒိုင်ကနေ ယူပြီး အပြင်ပေါက်ဈေးအတိုင်း ရောင်းနေကြတာပါပဲ။ ဆီကတ်တွေ၊ စာအုပ်တွေလည်းမရကြဘူးလေ။ ရတဲ့သူတွေကျလည်း တစ်ခါဝယ်ရမှ ၅၀ သားဆိုတော့ အပြင်ကနေဝယ်မှပဲအဆင်ပြေကြတယ်။ ဈေးကတော့ ဒိုင်ကလာချတဲ့ဈေးတောင် ၁၅,၀၀၀ ဖြစ်နေတာ။ အမြင့်ဆုံးကတော့ ၁၇(၁၇,၀၀၀)လောက်ရောင်းမှရတာ” လို့ သူက ပြောပါတယ်။
ဒီတစ်ပတ် ဇန်နဝါရီလ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ ရန်ကုန်အထိုင်ဈေးဟာ ၇၂၈၀ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ရန်ကုန်မှာ စားဆီပြတ်လပ်ပြီး ဈေးနှုန်းတွေမြင့်တက်နေချိန် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကစလို့ အရင် ဆီကတ်နဲ့ဝယ်ယူခွင့်အစား သမဝါယမစနစ်လို စာအုပ်နဲ့ ဝယ်ယူရတဲ့ ပုံစံကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ ရန်ကုန်၊ မြို့နယ်တချို့က အိမ်ထောင်စုတွေမှာ ဆီကတ်မရတော့သလို ဆီစာအုပ်မရသေးသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။