ပလမြို့ တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်ရှိ၊ ထိခိုက်ရဲဘော်နှင့် ပြည်သူ စိုးရိမ်ရ

Author မင်းထက်
Categories
Published on Apr 09, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ ဝါးကျောင်းအနီးက တိုက်ခိုက်မှုအတွင်း နှစ်ဖက်အထိအခိုက်ရှိခဲ့ရာတွင် တော်လှန်ရေးရဲဘော်နှင့် ပြည်သူတို့ ရရှိခဲ့သည့်ဒဏ်ရာများမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် နံနက် ၆ နာရီခန့်က ဝါးကျောင်းအနီး လှုပ်ရှားနေသည့် အင်အား ၂၈ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်။ ၄၅ မိနစ်ခန့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ အမြောက်အမြား အသုံးပြုကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

ယင်းထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟုခန့်မှန်းသော်လည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အတိအကျကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

သို့သော် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ရဲဘော် တစ်ဦးနှင့် ပြည်သူတစ်ဦးတို့အနေဖြင့် စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း ၎င်းက ဆိုသည်။

 

“နှစ်ဦးစလုံး စိုးရိမ်ရတယ်။ ရဲဘော်က ရင်ဘတ်မှာ လက်နက်ကြီး အစမှန်တယ်။ အရပ်သားကကျ တိုက်ပွဲက မမျှော်လင့်ဘဲ ဖြစ်သွားတာ။ သူကလည်း တိုက်ပွဲဧရိယာအတွင်း ရောက်သွားတာ။ ခြေ နှစ်ဖက်စလုံး ဖြတ်ရမယ့် အနေအထားခင်ဗျ” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

 

ဒဏ်ရာရရဲဘော်များကို ကုသမှုပေးရာတွင် လိုအပ်ချက်များအစဉ်အမြဲရှိနေပြီး ဆေးရုံကြီးများတွင်ကဲ့သို့ ဆေးဝါး၊ စက်ပစ္စည်းအပြည့်အစုံမရှိ၍ ပိုမိုခက်ခဲကြောင်း ၎င်းက ဆိုသည်။

 

“အဓိကက ဓာတ်မှန်ပေါ့နော်။ အစဝင်သွားရင် အကုန်စင်ရဲ့လား။ ကျန်ခဲ့လားဆိုတာ မှန်းဆနေရတယ်ဆိုတော့” ဟု တော်လှန်ရေးရဲဘော်တစ်ဖြစ်လည်း ၎င်းက ပြောသည်။

 

ပုလောမြို့နယ်အတွင်းတွင် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများသည် စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများကို အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ စနစ်တကျတူးထားရန်နှင့် အရေးကြီးပစ္စည်းများကို စနစ်တကျထုပ်ပိုးရန် အကြံပြုကြောင်း သတိပေးပြောဆိုသည်။

 

“တိုက်ပွဲတွေဖြစ်လာရင် အဓိကအသက်တွေကိုကယ်နိုင်တာ ဗုံးခိုကျင်းတွေပဲပေါ့နော်။ ဗုံးခိုကျင်းကို စနစ်တကျတူးပြီးတော့ လုံခြုံအောင်နေကြဖို့ပဲ အကြံပြုချင်တယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

ထို့ပြင် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို အလေးအနက်ထား လိုက်နာပေးရန် မေတ္တာရပ်ခံအပ်လိုက်သည်။

 

ဓာတ်ပုံ – မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း