မြစ်ကြီးနားမြို့ မှာ ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တိုး၊ ဗန်းမော်၊ ရွှေကူတို့မှာ ရေဆက်ကြီးနေ

Author အညာသား
Categories
Published on Jul 05, 2024

ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ မြစ်ရေတိုးလို့ ရေကြီးပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်နေချိန် ဒီနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းအစောပိုင်းမှာ ဧရာဝတီမြစ်ရေ တစ်ပေကျော်ပြန်တိုးတယ်လို့ ပြည်နယ်မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ဇွန် ၂၉ ရက်ကစလို့ စိုးရိမ်ရေမှတ်အထက်ကို ရောက်လာပြီး ဇူလိုင် ၁ ရက်မှာ စိုးရိမ်ရေမှတ်ထက် ၆ ပေအထိကျော်လွန်ရောက်ရှိလာခဲ့တာပါ။

 

ဒါကြောင့် မြို့နေပြည်သူတွေ ရေဘေးသင့်ခဲ့ပြီး ပိတ်မိနေသူတွေရှိခဲ့သလို သေဆုံးသူ နှစ်ဦးလည်းရှိခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင် ၂ ရက်မှာ ရေပြန်ကျလို့ ပိတ်မိနေသူတွေကို ဆက်လက်ကယ်ဆယ်ရင်း ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်နေခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရပါတယ်။

ဒါပေမဲ့ မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၄ ရက် ညနေ ၆ နာရီခွဲမှာ ၈၉၂ စင်တီမီတာရှိနေရာကနေ ဇူလိုင် ၅ ရက် မနက် ၄ နာရီခွဲမှာ ၉‌၃၂ စင်တီမီတာရောက်ရှိနေတာကြောင့် တစ်ပေကျော်ပြန်မြင့်လာတယ်လို့ ကချင်ပြည် မိုးဇလထံမှ သိရပါတယ်။

ဇူလိုင် ၅ ရက် မြစ်ရေအခြေအနေနဲ့ပတ်သက်လို့ နောက် ၂၄ နာရီအတွင်း ကချင်ပြည်(ဧရာဝတီမြစ်ဖျား) နဲ့ စစ်ကိုင်းတိုင်း(ချင်းတွင်းမြစ်)အထက်ပိုင်းမှာ မိုးရေချိန် ၁၃၅ မီလီမီတာကနေ ၂၃၀ မီလီမီတာအထိ ရွာသွန်းနိုင်သလို လက်မအတိုင်းထွာအရ ငါးလက်မအထက်ကနေ ကိုးလက်မအထိ ရွာသွန်းနိုင်ပြီး မိုးများနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်သာမြစ်-ကလေးမြို့ ၊ စစ်တောင်းမြစ်-တောင်ငူ၊ သံလွင်မြစ်-ဘားအံ၊ ငဝန်မြစ်-ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ တိုးမြစ်-မအူပင်၊ နန့်ယင်း/နန့်ကောင်းချောင်း-မိုးကောင်း စတဲ့ မြို့အသီသီးမှာလည်း ရေဆက်လက်မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ မိုးဇလရဲ့ ဇူလိုင် ၅ ရက်ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာမြို့၊ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ နန့်ယင်းနဲ့ နန့်ကောင်းချောင်းရေကြီးမှုကြောင့် မိုးကောင်းစတဲ့ မြို့ပေါင်း ရှစ်မြို့ဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေဆဲဖြစ်ပါတယ်။

 

ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်အောက်ပိုင်းရှိ ဗန်းမော်၊ ရွှေကူ၊ ကသာစတဲ့ မြို့ရွာမြေနိမ့်ပိုင်းရပ်ကွက်တွေမှာ မြစ်ရေဝင်ရောက်မှုရှိနေသလို ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ မြို့တွေရဲ့ မြေနိမ့်ပိုင်းရပ်/ရွာတွေထဲ မြစ်ရေဝင်ရောက်နေလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(MFSD)အပါအဝင် မြို့ခံကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြပါတယ်။

 

မိုးဇလပညာရှင် ဦးဝင်းနိုင်ကလည်း မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်နေပြီး ကချင်နဲ့ စစ်ကိုင်းအထက်ပိုင်းမှာ နောက် ၂၄ နာရီအတွင်း မိုးများနိုင်တာကြောင့် မြစ်အောက်ပိုင်းမြို့တွေ ရေဆက်လက်မြင့်တက်နိုင်တယ်လို့ သတိပေးပြောကြားထားပါတယ်။

 

ဓာတ်ပုံ – MFSD

 

ပုံစာ – ဒီနေ့ ဇူလိုင် ၅ ရက်နေ့မှာ ဗန်းမော်နဲ့ ရွှေကူမြို့တို့မှာ ရေကြီးလို့ ကယ်ဆယ်ရေးလုပ်ဆောင်နေမှုများကိုတွေ့ရစဉ်