ဗြိတိန်မှာ လက်ရှိဝန်ကြီးချုပ်ပါတီရဲ့ ၁၄ နှစ်ကြာအုပ်ချုပ်မှု ဆုံးခန်းတိုင်ပြီ၊ အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်နေ

Author အဂ္ဂ
Categories
Published on Jul 05, 2024

ဗြိတိန်နိုင်ငံမှာ မနေ့ ဇူလိုင် ၄ ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဲရလဒ်အများအပြား ထွက်ပေါ်လာပြီးနောက် လက်ရှိဝန်ကြီးချုပ်ရဲ့ ကွန်ဆာဗေးတစ်ပါတီ ၁၄ နှစ်ကြာ အုပ်ချုပ်မှုဆုံးခန်းတိုင်ဖို့ သေချာသလောက်ဖြစ်သွားခဲ့ပါပြီ။

 

ဗြိတိန်ရဲ့ ၂၀၂၄ အထွေထွေရွေးကောက်ပွဲမှာ ကီရာ စတာမာ(Keir Starmer)ဦးဆောင်တဲ့ အတိုက်အခံ လေဘာပါတီက သောင်ပြိုကမ်းပြိုအနိုင်ရရှိနေပါတယ်။

 

ဗြိတိန်လွှတ်တော်အတွက် စုစုပေါင်းအမတ်နေရာ ၆၅၀ မှာ လေဘာပါတီက မဲရေတွက်နေဆဲဖြစ်ပေမဲ့ အမတ်နေရာ ၄၁၀ အထိ အနိုင်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပါတီခေါင်းဆောင် မစ္စတာ ကီရာက ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ရာခိုင်နှုန်းများနေပြီဖြစ်ပါတယ်။

 

လက်ရှိဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ် (Rishi Sunak) ရဲ့ ကွန်ဆာဗေးတစ်ပါတီကတော့ အမတ်နေရာ ၁၃၁ နေရာပဲရသေးလို့ သမိုင်းဝင် ရှုံးနိမ့်မှုဖြစ်လာနိုင်ပါတယ်။

 

အနိုင်ရရှိသူ မစ္စတာ စတာမာကတော့ “အပြောင်းအလဲတွေ စတင်နေပြီ” လို့ ဆိုခဲ့ပြီး လက်ရှိဝန်ကြီးချုပ် မစ္စတာ ဆူနက်ကတော့ “ခက်ခဲတဲ့ ညတစ်ညပါပဲ” လို့ ဆိုခဲ့ပါတယ်။

 

မဲရလဒ်တွေ ဆက်လက်ရေတွက်နေပေမဲ့ လွှတ်တော်အမတ်နေရာ ၆၅၀ မှာ ၃၂၆ နေရာရရင် အစိုးရဖွဲ့နိုင်ပြီဖြစ်တာကြောင့် အမတ်နေရာ ၄၁၀ အထိ ရရှိထားတဲ့ လေဘာပါတီကပဲ မကြာခင်မှာ ဗြိတိန် အစိုးရအဖွဲ့သစ်ကို ဖွဲ့သွားတော့မှာဖြစ်ပါတယ်။

 

ဗြိတိန်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လက်ရှိဝန်ကြီးချုပ် မစ္စတာ ဆူနက်ဟာ ဒီကနေ့ ဇူလိုင် ၅ ရက်နေ့မှာပဲ သူ့ရဲ့ နုတ်ထွက်စာကို ချားလ်ဘုရင်ဆီ တင်ရဖို့လည်း ရှိနေပါတယ်။ အဲဒါပြီးရင်တော့ အနိုင်ရပါတီက ချားလ်ဘုရင်နဲ့တွေ့ဆုံပြီး အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ တောင်းဆိုရမှာလည်းဖြစ်ပါတယ်။

 

အစိုးရဖွဲ့စည်းခွင့်ရပြီးရင်တော့ နာမည်ကျော် ဒေါင်းနမ်းလမ်းက အမှတ် (၁၀) အိမ်တော်မှာ ဝန်ကြီးချုပ်သစ်အဖြစ် ပြည်သူလူထုထံ ပထမဆုံးမိန့်ခွန်းပြောရမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ- REUTERS/Suzanne Plunkett

 

ပုံစာ- အနိုင်ရလေဘာပါတီခေါင်းဆောင်ကို လန်ဒန်မြို့တွင် ယနေ့ တွေ့ရစဉ်

 

ကိုးကား – Reuters