လားရှိုးမြို့မှာ ဌာနဆိုင်ရာပိုင်မြေနေရာတွေက ဆိုင်ခန်းတွေကို MNDAA က ပြည်သူတွေကို အဖိုးသက်သာစွာနဲ့ ငှါးရမ်းပေးနေ

ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ ဌာနဆိုင်ရာပိုင်မြေနေရာတွေမှာ ဆောက်လုပ်ထားတဲ့ လူနေဆိုင်ခန်းတွေကို ပြည်သူတွေ အသုံးပြုနိုင်ဖို့ အဖိုးသက်သာစွာနဲ့ ငှါးရမ်းပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီကင်းစင်သွားတဲ့ လားရှိုးမြို့မှာ အရင်က စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာပိုင် အဆောက်အဦ၊ လူနေဆိုင်ခန်းတွေကို ပြည်သူတွေဆီ ၆ လအငှါးစာချုပ်တွေ ငှါးရမ်းပေးနေတာပါ။
“ခြောက်လစာချုပ် မချုပ်နိုင်သူတွေကိုလည်း သူတို့က ခွဲပေးခိုင်းတယ်၊ စျေးလျော့ပေးတဲ့ နေရာတွေကိုလည်း လျော့ပေးတယ်၊ သူတို့က အုပ်ချုပ်ရေးပုံစံကို သေချာ အကောင်ထည်ဖော်နေတာ”လို့ လားရှိုးမြို့ကို ရောက်ရှိနေသူတစ်ဦးကပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင် အချို့ဟာ လားရှိုးမြို့အတွင်း လောင်းကစားရုံတွေကိုလည်း အပြိုင်အဆိုင် တည်ဆောက်နေကြတယ်လို့ သိရပါတယ်။
“လောင်းကစားကတော့ တရားဝင်ပဲလို့တောင် ပြောလို့ရနေတယ် မမြင်ချင်တဲ့ အဆုံးပဲ”လို့ သူက ဆက်ပြောပါတယ်။
တရုတ်နဲ့ဆွေးနွေးပွဲအပြီး လားရှိုးမြို့ကနေ MNDAA က ဆုတ်ခွာပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်နေမှုဟာ ၈၀ရာခိုင်နှုန်းခန့်ထိ ပြီးစီးနေတာကို တွေ့ရတယ်လို့ လာရှိုးမြို့ကို ရောက်ရှိနေသူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ဓာတ်ပုံ – လားရှိုးမြို့ပြန်လည်ထူထောင်ရေး