၂လအတွင်း မြိုင်နဲ့ ပေါက်မှာ စစ်အုပ်စုကြောင့် ဒေသခံ ၂၆ ဦးကျော် သေဆုံး

Author CJ Platform
Categories
Published on Jul 22, 2026

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းသို့ နှစ်လနီးပါးကြာ စစ်ကြောင်းထိုး လှုပ်ရှားနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၂၆ ဦးထက်မနည်းကို သတ်ဖြတ်တာ မီးရှို့အလောင်းဖျောက်တာတို့ကို လုပ်ဆောင်ခဲ့တဲ့အပြင် ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ အရေးပေါ် စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင် ဆီက သိရပါတယ်။

 

ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းမှာ မြိုင်မြို့နယ်၊ သင်းမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဝက်ဖိုးကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့ရပါတယ်။

 

“စစ်ကြောင်းက သင်းမကထွက်ပြီး ပစ်တာ၊ ဝက်ဖိုးရွာထဲ ကျတာက လင်မယားနှစ်ယောက် ဆုံးတာ၊ ထိခိုက်ဒဏ်ရာရတွေလည်း ရှိတယ်” လို့ မြိုင်မြို့နယ် ဒေသခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ထိခိုက်မှု အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး စစ်ကြောင်းဟာ သင်းမကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဆက်လက် စစ်ကြောင်းထိုး ထွက်ခွာမှုတွေ ရှိနေတာကြောင့် အနီးဝန်းကျင်က ဒေသခံတွေဟာ ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

 

အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာက စိတ်မနှံ့သည့် အမျိုးသမီးတစ်ဦး အပါအဝင် ၅ ဦး၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ မြိုင်မြို့နယ်၊ ကန်နက်ရွာမှ သက်ကြီးပိုင်း ၂ ဦး၊ မြင်းကိုးသစ်ရွာမှ ၁ ဦး၊ ကိုင်းတောမရွာမှ ၁ ဦးနှင့် ဝါးရင်းချိုင်ရွာမှ ၁ ဦး၊ စုစုပေါင်း ၅ ဦးကို သတ်ဖြတ်၍ အလောင်းဖျောက်ထားခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင် ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း ကွန်လပ်ကျေးရွာမှ ၁ ဦးနှင့် မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၁ ခု၊ ဘောတုံကျေးရွာမှ မီးရှို့ထားသည့် ရုပ်အလောင်း ၅ ခုနဲ့ သံချောင်းကျေးရွာမှ စိတ်ကျန်းမာရေးချို့တဲ့သည့် သက်ကြီးပိုင်း အမျိုးသား ၁ ဦး၊ စုစုပေါင်း ပြည်သူ ၈ ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ထားကြောင်း သိရပါတယ်။

 

ဒါ့အပြင် ဇွန်လ ၂၃ ရက်နေ့က မြိုင်မြို့နယ်အတွင်း ပထမအကြိမ် စစ်ကြောင်းထိုးစဉ်ကလည်း သာစည်ရွာမှ ၁ ဦး၊ နှမ်းဆီကန်ရွာမှ ၁ ဦး၊ မိတ္ထီလာရွာမှ ၂ ဦး၊ ဝက်ပုတ်ရွာမှ ၁ ဦးနဲ့ ကုန်းရွာမှ ၁ ဦး၊ စုစုပေါင်း အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

 

စစ်အုပ်စုရဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း ကျူးလွန်မှုတွေကြောင့် လက်ရှိအချိန်ထိ မြိုင်နဲ့ ပေါက်နယ်တို့မှ သတ်ဖြတ်ခံရသူ ဒေသခံ ၂၆ ဦးထက်မနည်း ရှိလာပြီး စစ်ကြောင်းဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေတဲ့ ဒေသခံတွေလည်း ရှိနေသေးတာကြောင့် သေဆုံးသူ အရေအတွက်ဟာ မြေပြင်မှာ အခုထက် ပိုနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လက်ရှိမှာ စစ်အုပ်စုရဲ့ လက်နက်ကြီး အန္တရာယ်နဲ့ စစ်ဘေးအန္တရာယ်တွေကို ဆက်လက်စိုးရိမ်နေရတာကြောင့် စစ်ကြောင်းအနီးဝန်းကျင်သို့ သွားရောက်ခြင်း၊ ခိုလှုံနေထိုင်ခြင်းနဲ့ သတင်းစောင့်ကြည့်ရန် သွားရောက်ခြင်းတွေကို လုံးဝမပြုလုပ်ကြဘဲ ဘေးကင်းရာ ဒေသတွေကို အမြန်ဆုံး တိမ်းရှောင်ကြရန် ဒေသ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေက သတိပေး နှိုးဆော်ထားပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု