ပညာရေး အားနည်းချက်ကြောင့် လူငယ်တွေ အကြမ်းဖက် လမ်းစဉ်ပေါ် ရောက်သွားတယ်လို့  နိုင်ငံတကာကို ဘာသာပြန်ကနေတဆင့် စကားပြောရတဲ့ မင်းအောင်လှိုင်က ပြော

Author CJ Platform
Categories
Published on Jul 22, 2026

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွင်း ခေတ်အဆက်ဆက် ပညာရေး အားနည်းခဲ့သည့် နောက်ဆက်တွဲအဖြစ် လူငယ်အများစုဟာ ဆူပူအကြမ်းဖက်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိသွားကြတာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဟာ ဒေသနဲ့ နိုင်ငံတော်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေခြင်းသာဖြစ်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

 

မနေ့က ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက စစ်အုပ်စုရဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့က ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

“နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားကြသည့် ပြည်ပအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ကာ ဆူပူအကြမ်းဖက်သည့် လမ်းကြောင်းပေါ်သို့ ပညာရေးအားနည်းသူအများစု ရောက်ရှိသွားကြောင်း” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

 

ဒါ့အပြင် နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ အရေးအခင်းတွေကို ပြန်လည်သုံးသပ်ပါက ပညာရေး အရည်အသွေး အားနည်းခဲ့ခြင်း၊ နိုင်ငံရေးအရ ထွက်ပေါက်မရှိခြင်းနဲ့ စီးပွားရေး ကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်မိသည်ဟု ပြောဆိုခဲ့သည့်အပြင် လက်နက်ကိုင်လမ်းစဉ်ဟာ အဖြေမဟုတ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

 

“လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းနေကြခြင်းသည် ဖြေရှင်းနည်းအစစ်အမှန်မဟုတ်ဘဲ ၎င်းတို့ကျင်လည်ရာ ဒေသနှင့် ဒေသခံတို့၏ အကျိုးစီးပွားကို ဖျက်ဆီးနေခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ဒေသနှင့် နိုင်ငံတော်၏ အနာဂတ်ကို နှောင့်ယှက်ဖျက်ဆီးနေကြခြင်းပင်ဖြစ်ကြောင်း” လို့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေကို စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

ဆက်လက်ပြီး မင်းအောင်လှိုင်က နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီဖြစ်တာကြောင့် သဘောထားကွဲလွဲမှုတွေကို ဒီမိုကရေစီနည်းလမ်းတကျ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရန် လိုအပ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

 

လက်ရှိမှာ နိုင်ငံအနှံ့ ကျေးရွာတွေမှာ စစ်အုပ်စုတပ်သားတွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိနေပေမယ့် မင်းအောင်လှိုင်ကမူ ပညာရေး အားနည်းမှုနှင့် တော်လှန်ရေးတပ်ဖွဲ့များကြောင့်သာ ဒေသများ ပျက်စီးနေရသည်ဟု လွှဲချပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

မင်းအောင်လှိုင်က အခုလိုပြောဆိုနေပေမယ့် ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအတွင်း မြန်မာနိုင်ငံတဝန်း စစ်အုပ်စုက လေကြောင်းကနေ ၅၂၀ ကြိမ် တိုက်ခိုက်ခဲ့ပြီး သုံးလအတွင်း တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ အနည်းဆုံး ၃၁၄ ဦးရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး ၅၈ ဦး၊ ကလေး ၄၁ ဦးနဲ့ အသက်ကြီးသူ ၁၅ ဦး ပါဝင်တယ်လို့ ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အဲဒီ တိုက်ခိုက်မှုအများစုဟာ အင်တာနက်နဲ့ ဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှုတွေအပြင် ဘာသာရေး အဆောက်အအုံ ၂၂ ခု၊ စာသင်ကျောင်း ၁၇ ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်း ၇ ခု၊ စစ်ဘေးဒုက္ခသည်စခန်း ၅ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC