ကာမိုင်းမြို့မှာ မြစ်ရေတက်လို့ လူတစ်ရာကျော် အရေးပေါ်ပြောင်းရွေ့

Author CJ Platform
Categories
Published on Jul 22, 2026

ကချင်ပြည် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ ချောင်းရေလျှံတက်မှုကြောင့် ရပ်ကွက် ၄ ခုမှ လူတစ်ရာကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ ဇူလိုင် ၂၁ ရက် ညနေ ၃ နာရီမှစတင်ကာ အင်းတော်ကြီးချောင်းနဲ့ နန့်ကောချောင်းမှ ရေတက်လာပြီး မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်ရှိ နေအိမ်များအတွင်းသို့ ဝင်ရောက်လာတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မြို့မ၊ မအူပင်၊ ဇီးကျွန်း၊ မြစိမ်းရောင် အဲ့ဒီရပ်ကွက်တွေမှာ ရေဝင်တာများတယ်။ မနေ့ညနေတည်းက ကယ်ဆယ်ရေးတွေက လူတွေကို ရွှေ့နေတာ လူဦးရေ တစ်ရာကျော်တယ်” လို့ ပြောပါတယ်။

 

ကာမိုင်းမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မ၊ မအူပင်၊ ဇီးကျွန်း၊ မြစိမ်းရောင် ရပ်ကွက်များမှ အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၃၀ ကို နီးစပ်ရာနေရာတွေမှာ ယာယီပြောင်းရွှေ့ နေရာချထားတယ်လို့ ကယ်ဆယ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရေကြီးတာနဲ့ ပတ်သက်ပြီး သေဆုံးတာ၊ ထိခိုက်တာမရှိဘူး။ ရေဘေးသင့် တစ်ရာကျော်ကို လက်တလော ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ထားတယ်” လို့ ပြောပါတယ်။

 

ဇူလိုင် ၂၀ ရက် နေ့လယ် ၁ နာရီခွဲကလည်း ဖားကန့်မြို့မှာ မိုးသည်းထန်စွာရွာပြီး ရေကြီးပြီးနောက် ရေနဲ့အတူ မျောပါလာသည့် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

 

ဖားကန့်မြို့နယ်မှာ ဇူလိုင်လ ၁၈ ရက် ညနေက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – MFSD