စစ်တွေလေဆိပ်မှာ စရဖက ဒေသခံ ခရီးသွားတွေကို ဖမ်းဆီးနေ

Author CJ Platform
Categories
Published on Jul 23, 2026

ရခိုင်ပြည်၊ စစ်တွေလေဆိပ်မှာ စစ်အုပ်စုရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က ဦးဆောင်ပြီး ဒေသခံခရီးသွားတွေကို ဖမ်းဆီးနေတယ်လို့ စစ်တွေမြို့မှ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

စစ်တွေမြို့ လေဆိပ်ရှိ ခရီးသွားဒေသခံတိုင်းကို စောင့်ကြည့်နေပြီး မသင်္ကာသူတိုင်းကို ဒကစတပ်သို့ ဖမ်းဆီးခေါ်ဆောင်နေတာဟာ ၁၅ ယောက်ခန့်ရှိကာ ဖမ်းဆီးခံရသူအချို့ကို အမှတ် (၁) ရဲစခန်းသို့ အပ်နှံတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“ရခိုင်ရော မူဆလင်ရော ဖမ်းတယ်၊ သိရသလောက် ၁၅ ယောက်လောက်ရှိပြီ။ စရဖ တပ်ဖွဲ့ဝင်တွေက လေဆိပ်ကို သိမ်းထားတဲ့အတိုင်းပဲ။ မူဆလင်တွေကို စောင့်ကြည့်ဖို့အတွက် မူဆလင်တပည့်တွေ မွေးပြီးတော့လည်း စောင့်ကြည့်ခိုင်းထားတယ်။ အဲတပည့်တွေက ဖမ်းခိုင်းရင် ဖမ်းတော့တာပဲ။ ဒကစကို ဖမ်းခေါ်သွားတာ တွေ့ပါတယ်” လို့ စစ်တွေမြို့ခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေမှာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

 

ဒါ့အပြင် စစ်တွေလေဆိပ်တွင် ဒေသခံ ခရီးသွားတိုင်းကို တင်းကျပ်စွာ စစ်ဆေးပြီး ငွေညှစ်မှုတွေလည်း ပြုလုပ်နေပြီး ဘူးသီးတောင်၊ မောင်တော မြို့နယ်မှ ဒေသခံတွေမှာ လေယာဉ်စီးခွင့် မရဘဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

 

စစ်တွေမြို့ရှိ စရဖတပ်ဖွဲ့ဟာ မြို့အနှံ့ ပြည်သူ့စစ်တွေ မွေးမြူပြီး စစ်တွေမြို့ ဒေသခံတွေကို စောင့်ကြည့်ခိုင်းထားတာကြောင့် မြို့ခံတွေရဲ့ လုံခြုံရေးမှာ စိုးရိမ်နေကြရပါတယ်။

 

“သူတို့က (စရဖ) က မြို့အနှံ့မှာ ပြည်သူ့စစ်တွေလို တပည့်တွေမွေးပြီး ဒေသခံတွေကို မသိမသာ စောင့်ကြည့်ခိုင်းထားတယ်။ အဲတပည့်တွေက မသင်္ကာဘူးလို့ သူတို့ကို သတင်းပို့ရင် ဖမ်းတာတွေ ရှိတယ်” လို့ စစ်တွေမြို့ခံ နောက်ထပ်ဒေသခံ တစ်ယောက်က ပြောပါတယ်။

 

ရခိုင်ပြည်အတွင်း မြို့ပေါင်း ၁၄ မြို့အထိ လက်လွှတ်ထားရတဲ့ စစ်အုပ်စုဟာ သူတို့ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့တွေကို လက်မလွှတ်ရရေးအတွက် ဒေသခံတွေကို ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ပြောဆိုကြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – စစ်တွေလေဆိပ်ကို မြင်ရပုံ (ပုံဟောင်း)