မြဝတီအနီးတဝိုက် အွန်လိုင်းလုပ်ကိုင်သူ နိုင်ငံခြားသားများ ထွက်ခွာရန် BGF ငါးလ အချိန်ပေး

Author လင်းနွေဦး
Categories
Published on May 04, 2024

ကရင်ပြည်၊ မြဝတီမြို့အနီးတဝိုက်ရှိ ကျားဖြန့် (မူရင်းထုတ်ပြန်ချက်တွင် အွန်လိုင်း(Online) ဟုဖော်ပြထား) လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ နိုင်ငံတွင်းမှ ထွက်ခွာရန်  နယ်ခြားစောင့်တပ် BGF မှ မေလ(၃) ရက် ယမန်နေ့တွင် သတိပေးစာထုတ်ပြန်လိုက်သည်။

 

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီ နှင့် ရွှေကုက္ကိုလ်အပါအဝင် အနီးတဝိုက်ဒေသများတွင် အွန်လိုင်း(Online) ငွေကြေးလိမ်လည်လုပ်ငန်း လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့် မေလ (၁) ရက်နေ့မှ အောက်တိုဘာလ (၃၁)နေ့ နောက်ဆုံးထားကာ မိမိတို့နေထိုင်ရာမှတဆင့် လာရာလမ်းအတိုင်း ထွက်ခွာပေးရမည်ဟု မြဝတီမြို့အား ထိန်းချုပ်ထားသည့် Boder Guard Force (BGF) မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

“စာထုတ်တာက (၅) လအတွင်း ထွက်ခွာဖို့၊ အမိန့်ထုတ်တာဟုတ်တယ်။ အဓိကကတော့ တရုတ်တွေပေါ့ ၊ အွန်လိုင်းကိစ္စနဲ့ပတ်သက်ပြီး သူတို့အပေါ်ဝေဖန်မှုတွေ များတယ်။ ကျွန်တော်တို့ကိုလည်း ပြည်သူတွေက တော် တော်ပြောကြတယ်။ အဲ့တာကြောင့် ဒီအွန်လိုင်းနဲ့ပတ်သက်ပြီး ရှင်းလင်းချင်လို့ စာထုတ်ရတာ ဖြစ်တယ်။ အခုကတော့ (၅) လပိုင်းတစ်ရက်နေ့ကစပြီး ထွက်ခွာပေးရမှာ ဖြစ်တယ်။ တရားဝင်လာနေတဲ့ သူတွေရော၊ တရားမဝင်လာတဲ့ သူတွေရော ထွက်သွားပေးရမယ်” ဟု BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူး‌ စောတင်ဝင်းက ကေအိုင်စီ(KIC) သတင်းဌာနတွင် ဖြေကြားထားသည်။

 

ထုတ်ပြန်ထားသည့် သတိပေးချက်အတွင်း သတ်မှတ်ရက်ထက်ကျော်လွန်၍ နေထိုင်သော နိုင်ငံခြားသားများကို တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဟု ရေးသားဖော်ပြထားသော်လည်း မိမိနိုင်ငံသို့ ပြန်လည်နေထိုင်ရန် အဆင်မပြေသည့် နိုင်ငံခြားသားများကိုမူ နီးစပ်ရာဒေသများတွင်နေထိုင်နိုင်ရန် စဉ်းစားပေးမည်ဟု ဗိုလ်မှူးစောတင်ဝင်းက KIC မီဒီယာသို့ ဖြေကြားရာတွင် ထည့်သွင်းပြောကြားထားသည်။

 

ထိုသို့ BGF ၏ ထုတ်ပြန်သတိပေးမှုအပေါ် အယုံအကြည်မရှိကြောင်း၊ လက်တွေ့တွင် အွန်လိုင်း ခေါ် ( ကျားဖြန့်) ငွေကြေးလိမ်လည်သည့်လုပ်ငန်းများ လုပ်ကိုင်နေသည်မှာ ရွှေကုက္ကိုလ်မြို့တွင်းတွင် နေရာအနှံ့ဖြစ်ကြောင်း၊ ထုတ်ပြန်သတိပေးမှုနောက်တွင် လုပ်ဆောင်မှုများမရှိပါက ဖြစ်မြောက်လာမည်မထင်ကြောင်း ဒေသခံများမှ သုံးသပ်ပြောဆိုကြသည်။

 

“အဲ့တရုတ်တွေကပဲ သူတို့ကိုထောက်ပံ့နေတာလေ။ တကယ်လုပ်တာလည်းမဟုတ်ဘူး။ လိမ်နေတာကြီး။ ဒီမှာလည်း ညဘက်ဆို လောင်းကစား၊ ကာစီနိုရုံတွေ ၊ မူးယစ်ခန်းတွေ နဲ့ စည်ကားနေတာ။ ဘောလုံးပွဲတွေလည်း နေ့တိုင်းလိုလိုပဲ။ အဓိကက ညဘက်ဆို ပိုစည်တယ်။” ဟု ရွှေကုက္ကိုလ် တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၀ အရွယ် ကရင်အမျိုးသမီးတစ်ဦးမှ CJ Platform သို့ပြောသည်။

 

အမေရိကန် အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် United States Institute of Peace( USIP) မှ ကရင်ပြည်နယ် နယ်စပ်ဒေသဖြစ်သည့် ရွှေကုက္ကိုလ်မြို့သို့ ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ အပြီးတွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့်လုပ်ကိုင်သူများ တဖွဲဖွဲဝင်ရောက်လာကြောင်း၊ ယခင်ကတည်းက ရှိနှင့်သော ကျားဖြန့်လုပ်ငန်းများ ပိုမိုအားကောင်းလာနေကြောင်း သတင်းဌာနများက ထောက်ပြထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်