စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လေယဉ်သုံးပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ လုပ်ငန်း ခြောက်ခု အရေးယူခံရ

Author လဂွန်းအိမ်
Categories
Published on Oct 31, 2024

စစ်ကောင်စီကို လေယာဉ်နဲ့ လေယာဉ်သုံး ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ လုပ်ငန်းခြောက်ခုကို ယူကေနိုင်ငံအပါအဝင် အီးယူ၊ ကနေဒါနိုင်ငံတို့က အရေးယူ ပိတ်ဆို့လိုက်တယ်လို့ မနေ့ကထုတ်ပြန်တဲ့  မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးရဲ့ ပူးတွဲထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုနှစ် ဩဂုတ်လအတွင်းမှာ အများဆုံးဖြစ်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့အတွက် တာဝန်ခံမှု၊ တရားမျှတမှုရှိဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လည်း ပူးတွဲတောင်းဆိုထားပါတယ်။

တောင်းဆိုချက်မှာ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေမှာ ပံ့ပိုးကူညီနေတဲ့ လမ်းကြောင်းအားလုံးကို ပစ်မှတ်ထားဒဏ်ခတ် အရေးယူမှုပြုလုပ်ခဲ့တာပါ။

 

ဒဏ်ခတ်အရေးယူလိုက်တဲ့ လုပ်ငန်းတွေစာရင်းမှာ Asia Sun Group Company Limited၊ Swan Energy Company Limited၊ Myan-Oil Company Limited၊ Rich Ray Trading Company Limited၊ Progress Technology Support Company Limited (a.k.a Royal Shune Lei)နဲ့ King Royal Technologies Company Limited တို့ပါဝင်နေပါတယ်။

 

အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိတဲ့အပြင် အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်တာဟာလည်း သည်းခံနိုင်စရာမဟုတ်ဘူးလို့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ပြောပါတယ်။

ဒါကြောင့် ယူကေဟာ မြန်မာစစ်တပ်ဆီကို စစ်လက်နက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ဆိုပြီး မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အီးယူ၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးတွဲကန့်သတ်လိုက်တာပါ။

ဒီပိတ်ဆို့မှုတွေဟာ စစ်ကောင်စီအပေါ် ဖိအားတိုးပွားလာစေမှာဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အနာဂါတ်အတွက် ကူညီထောက်ပံ့မှု၊ အခိုင်အမာ ရပ်တည်မှုတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး ဗြိတိန်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံလူထုအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အထောက်အပံ့တွေအတွက် ပေါင်သန်း ၁၅၀ ကျော် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၃ ဒသမ ၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လူပေါင်း ၁၈ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့အပြင် နိုင်ငံအတွင်းမှာ ရာဇ၀တ်မှုတွေလည်း ကြီးမားကျယ်ပြန့် နေပါတယ်။

 

 

ဓာတ်ပုံ – CJ Platform

 

ပုံစာ- ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ပင်လည်ဘူးမြို့ကိုတွေရစဉ်