သာကေတနဲ့ တောင်ဥက္ကလာမှာ ယာဉ်တိုက်မှုတွေဖြစ်လို့ ၂ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

Author ကိုထက်
Categories
Published on Jun 30, 2024

ရန်ကုန်မြို့၊ သာကေတနဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ မနေ့(ဇွန်လ ၂၉)ရက်က ယာဉ်တိုက်မှုတွေဖြစ်ပွားမှုကြောင့် နှစ်ဦးသေဆုံးပြီး ကလေး နှစ်ဦးအပါအဝင် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းများနဲ့ မျက်မြင်တွေ့ရှိသူများထံမှ သိရပါတယ်။

 

မနေ့ ညနေပိုင်းက သာကေတမြို့နယ် ၁၀၈ တောင်ဘုရားအနီး YBS နှစ်စီးဆင့်တိုက်လို့ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“YBS ၄၂ က ဘီးပေါက်ပြီး YBS ၈၅ နဲ့ ဆင့်တိုက်မိတာပါ။ အသက် ၄၀ အရွယ် YBS ၈၅ ယာဉ်မောင်းကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ဒဏ်ရာရတာကတော့ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမနဲ့ မေတ္တာလမ်းဆုံရာမှာ လမ်းသွားနေသူတွေကို Light Truck ကားက ဝင်တိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့လိုက်သူတစ်ဦးက ပြောပါတယ်။

 

“ဆိုင်ကယ်နဲ့ ကားတိုက်တာမဟုတ်ပါဘူး။ L အကင်ဆိုင်က ထွက်လာတဲ့သူတွေကိုဝင်တိုက်တာပါ။ ရပ်ထားတဲ့ကားကိုလည်း တိုက်မိသေးတယ်။ မျက်စိရှေ့တင် ဖြစ်သွားတာပါ။ အမျိုးသမီးက သနားပါတယ်။ အဲဒီလောက် ဖြစ်သွားမယ်မထင်ဘူး။ ဒဏ်ရာရတာ ကလေးတစ်ယောက်လည်းပါတယ်” လို့ ‌၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နဲ့ ၂၃ ရက်‌တို့မှာလည်း ရွှေပြည်သာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ယာဉ်တိုက်မှုတွေဖြစ်လို့ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – သာကေတမြို့နယ် လူမှုကူညီရေးအသင်း