ဖုန်းရောင်းဝယ်လုပ်နေတဲ့ ဇနီးမောင်နှံကို ဖုန်းဝယ်မယ်လို့ ဟန်ဆောင်လိမ်ခေါ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီး

Author အညာသား
Categories
Published on Jun 29, 2024

မန္တလေးမြို့မှာ အွန်လိုင်းကနေ ဖုန်းအရောင်းအဝယ် လုပ်ဆောင်နေတဲ့ ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ဇွန်လ ၂၈ရက်နေ့ ညနေပိုင်းမှာ ဖုန်းဝယ်မယ်လို့ လက်ဖက်ရည်ဆိုင်ကို လိမ်ခေါ်ပြီး ဖမ်းဆီးသွားခဲ့တယ်လို့  ဖမ်းဆီးခံရသူ ဇနီးမောင်နှံနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

 

ဖမ်းဆီးခံရသူ ကိုလှထွန်းဦးနဲ့ မမီးမီးဟာ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်မှာ နေထိုင်ပြီးတော့ အွန်လိုင်းကနေ ဖုန်းအရောင်းအဝယ် ပြုလုပ်နေသူတွေပါ သူတို့ဟာ မိုးကုတ်ဇာတိဖြစ်တာကြောင့် မိုးကုတ်မြို့အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြား ပြည်သူတွေ ဘေးကင်းစေဖို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ သတင်းအချက်အလက်တွေ ဖြန့်ဝေခဲ့တာကြောင့် အခုလို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကျွန်းလုံးဥသျှောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က ပြောကြားခဲ့ကြောင်း ရပ်ကွက်တွင်း နေထိုင်သူတွေက ပြောပါတယ်။

 

” သူတို့ဆီကနေ ဖုန်းဝယ်မယ်ဆိုပြီး ဘုရားကြီးနားက လက်ဖက်ရည်ဆိုင်ကို ချိန်းလို့ သူတို့နှစ်ယောက် က ဆိုင်ကနေသွားစောင့်နေကြတာ။ အဲ့မှာ အရပ်ဝတ်နဲ့ လူတွေလာပြီး ဖမ်းသွားတာ ”လို့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ဖမ်းဆီးခံရတဲ့ အမျိုသားဖြစ်တဲ့လှထွန်းဦးဟာ အဖမ်းမခံရခင် နာရီပိုင်းအလိုမှာ သူဖေ့စ်ဘုတ် အကောင့်ကနေ မိုးကုတ်မှာ စစ်ဖြစ်နေတာနဲ့ ပတ်သက်လို့ ဒေသခံတွေအနေနဲ့ ဆောင်ရန်ရှောင်ရန် အကြောင်းတွေကို အသိပေးရေးသားခဲ့တယ်လို့လည်း သိရပါတယ်။

 

သူတို့နှစ်ဦးနဲ့ နီးစပ်သူတွေရဲ့ ပြောစကားအရ သူတို့နဲ့ လုပ်ငန်းတူ ဖုန်းအရောင်းအဝယ်ပြုလုပ်သူတွေရဲ့ ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်ပြီး တိုင်တန်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ သူတို့ကို စစ်ကောင်စီတပ်က ဘယ်ကို ဖမ်းဆီးသွားပြီးတော့ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။ သူတို့ ဖမ်းဆီးခံရချိန်မှာ ဇနီးမောင်နှံ နှစ်ယောက်လုံးက ကျန်းမာရေးကောင်းမွန်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဖမ်းဆီးခံရသူ ဇနီးမောင်နှံကို မြင်ရပုံ (ပုံဟောင်း)